အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ PDF အဖွဲ့ဝင် (၁၉၅)ဦး လက်နက် (၁၉)လက်နဲ့အတူ အလင်းဝင်
PUBLISHED - November 18, 2026
မန္တလေး၊ နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ PDF အဖွဲ့ဝင် အမျိုးသား (၁၇၆)ဦးနဲ့ အမျိုးသမီး (၁၉)ဦးတို့က လက်နက် (၁၉)လက်နဲ့အတူ အလင်းဝင်ရောက်လာပါတယ်။
ယနေ့ နိုဝင်ဘာလ (၁၈)ရက် နံနက် (၈)နာရီခန့်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမမှာ နိုင်ငံတော်၏ သဘောထားအမှန်ကို သိရှိပြီး အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့်ဘဆုကြေးငွေထောက်ပံ့ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
ဦးစွာ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က အလင်းဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင်များကို ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်းနဲ့ အလင်းဝင်ရောက်လာသူများအားလုံးကို နောက်ထပ်အမှားများ ထပ်မလုပ်မိစေဖို့နဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့အပြင် အလင်းဝင်ရောက်လာခြင်း မရှိသေးတဲ့ PDF အဖွဲ့ဝင်တွေကိုလည်း အလင်းဝင်ရောက်လာဖို့ ဖိတ်ခေါ်ပေးစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယင်းနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဌေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အလင်းဝင်ရောက်တာ (၅၈)ကြိမ် ရှိပြီဖြစ်ပြီး အလင်းဝင်ရောက်လာသူ (၃၂၉၅)ယောက်ရှိရာမှာ အသက်အရွယ်အမျိုးမျိုး ပါဝင်နေကာ ကိုယ်ဝန်ဆောင်မိခင်တွေအပြင် ထိခိုက်ဒဏ်ရာ ရရှိထားသူတွေလည်းပါဝင်ခဲ့တာကြောင့် တပ်မတော်အနေနဲ့ ဆေးဝါးကုသစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့ကြောင်းနဲ့ အလင်းဝင်ရောက်လာသူတွေကို နိုင်ငံတော်နဲ့ တပ်မတော်ကိုယ်စား ဂုဏ်ပြုကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။
ယင်းနောက်မှာတော့ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ထံ အလင်းဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင်တွေက လက်နက် အပ်နှံခဲ့ကြပြီး တိုင်းမှူးနဲ့ ဝန်ကြီးချုပ်တို့ကလည်း ဆုကြေးငွေနဲ့ လက်ဆောင်များကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။
၎င်းနောက်မှာတော့ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းမှူးတို့က အလင်းဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး PDF အဖွဲ့ဝင်တွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို နံနက်စာနဲ့ တည်ခင်းဧည့်ခံခဲ့ကြပါတယ်။
PDF အဖွဲ့ဝင်တွေဟာ မောင်းပြန် (၁၅)လက်၊ ပစ္စတို (၂)လက်၊ လက်လုပ် (၂)လက်၊ မိုင်း (၃)ခု၊ ကျည်ကာ (၁)ခု၊ စနိုက်ပါမှန်ပြောင်း (၁)ခု၊ စကားပြောစက် (၃)လုံး၊ကျည် (၉၃၇)တောင့်၊ ကျည်အိမ် (၂၇) ခုတို့နဲ့အတူ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
#PeopleMedia