• Follow Us on
Latest News

Home အာဖဂန် ယာယီဝန်ကြီးချုပ်က တာလီဘန်အစိုးရကို အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆို 

အာဖဂန် ယာယီဝန်ကြီးချုပ်က တာလီဘန်အစိုးရကို အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆို 

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံ၏ ယာယီဝန်ကြီးချုပ် Mullah Hassan Akhund က တာလီဘန်က ဖွဲ့စည်းထားသည့် အိမ်စောင့်အစိုးရကို အသိအမှတ်ပြုရန်နှင့် ၎င်းနှင့်သံတမန်ဆက်ဆံရေးထူထောင်ရန် နိုင်ငံတကာ အသိုက် အဝန်းကို တောင်းဆိုကြောင်း ဇန်နဝါရီ ၁၉ ရက်က အာဖဂန်နစ္စတန်ယာယီအစိုးရ ကျင်းပသော စီးပွားရေး ဆိုင်ရာအစည်းအဝေးတွင်ပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသမိုင်း၏ အရေးပါသောအဆင့်သို့ ရောက်ရှိနေပြီး အစိုးရအနေဖြင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အတက်နိုင်ဆုံး ဖြေရှင်းသွားမည်ဟု Hassan Akhund ကဆိုသည်။

 

လူ့အခွင့်အရေးကာကွယ်သူဟု အမည်ခံသည့်နိုင်ငံများက အာဖဂန်၏ ပြည်ပပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားပြီး အာဖဂန်နစ္စတန်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများဖြစ်ပေါ်စေခဲ့ ကြောင်း ၎င်းကဆိုသည်။

 

အစည်းအဝေးတွင် အာဖဂန်နစ္စတန်နိုင်ငံ၏ ယာယီဒုဝန်ကြီးချုပ် Abdul Salam Hanafi က ပြီးခဲ့သည့် နှစ် ပေါင်း ၂၀ ကာလအတွင်း အာဖဂန်နစ္စတန်၏ စီးပွားရေးသည် ပြည်ပအကူအညီပေးမှုကိုသာ အဓိကအားထား ရကြောင်း၊ ယင်းအကူအညီပေးမှုများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးမရှိသည့်အပြင် အဂတိ လိုက်စားမှုများဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် အကူအညီပေးမှုကို အမြဲအားကိုး၍မရ၊ ပြည်တွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် မိမိကိုယ်ကို အားကိုးသော အခြေခံပေါ်တွင် အာဖဂန်စီးပွားရေး ထူထောင်ရမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏ ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaki က အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ၌ အာဖဂန်သည် ကြားနေပြီး ဟန်ချက်ညီသော နိုင်ငံခြားရေးမူဝါဒနှင့် စီးပွားရေးကို အဓိက ထားသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကြောင်း၊ အပြန်အလှန်အကျိုးစီးပွား ဖြစ်ထွန်းသော အခြေခံပေါ်တွင် နိုင်ငံအသီးသီးနှင့် ဆက်ဆံရေးထူထောင်ခြင်း၊ တစ်ချိန်တည်းတွင် အာဖဂန်နစ္စတန်နိုင်ငံကို ဒေသစီးပွားရေး အချက်အခြာအဖြစ် တိုးတက်အောင် ဆောင်ရွက်ရန် ရည်ရွယ်ပြီး အာဖဂန်သို့ လာရောက်ရင်းနှီးမြှုပ်နှံသူများကို ပိုမိုလုံခြုံသော ပတ်ဝန်းကျင်ဖန်တီးပေးရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန် အနေဖြင့် အာဖဂန်နစ္စတန်ဗဟိုဘဏ်၏ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်မှုကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

 

၂၀၂၁ ခုနှစ် သြဂုတ် ၃၀ ရက်တွင် အမေရိကန်စစ်တပ်က အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီး အာဖဂန်အား နှစ်ပေါင်း ၂၀ ကျော် ကျူးကျော်မှုကို အဆုံးသတ်ခဲ့ကြောင်း၊ ထိုနှစ် စက်တင်ဘာ ၇ ရက်တွင် အာဖဂန်တာ လီဘန်က Mullah Hassan Akhund  အား ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကာ အာဖဂန်နစ္စတန်၏ ယာယီအစိုးရ ဖွဲ့စည်းမှုကို ကြေညာခဲ့ကြောင်း သိရသည်။

 

(Xinhua )

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

(Xinhua )

 



Share this post