မန္တလေး၌ သေနတ်ပစ်ခတ်လုယက်၍ အမျိုးသားသုံးဦးကို သတ်ဖြတ်ခဲ့သူ အမျိုးသားတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
PUBLISHED - November 17, 2026
နေပြည်တော်၊ နို၀င်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်၊ ချမ်းအေးသာစံနှင့် ပုသိမ်ကြီးမြို့နယ်တို့၌ သေနတ်ဖြင့်ပစ်ခတ်၍ လုယက်မှုနှင့် လူသတ်မှုများ ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းတွင် အမှုခြောက်မှုဖြင့် အမှုဖွင့်လှစ်ထားသူ တရားခံ နေလင်းအောင်အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက် ညနေ ၆ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက် ၅၈ လမ်း၊ ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြားရှိ “ရှိုင်း” Baby Store ဆိုင်၌ အမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက်၍ သေနတ်တစ်ချက်ပစ်ဖောက်ကာ ငွေကျပ် ငါးသိန်း လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ အောင်ပင်လယ်နယ်မြေ ရဲစခန်း (ပ) ၁၆၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့်လည်းကောင်း၊ နိုဝင်ဘာ ၄ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ၅၈ လမ်း၊ ၃၂ လမ်းနှင့် ၃၂ လမ်း(A)လမ်းကြားရှိ Lwin Mobile Phone အရောင်းဆိုင်မှ ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ သေနတ်နှစ်ချက်ပစ်ဖောက်ကာ မှန်ကောင်တာကို ရိုက်ခွဲ၍ လက်ကိုင်ဖုန်းမျိုးစုံငါးလုံး လုယက်ယူဆောင်သွားခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်း (ပ)၁၁၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာ ကားလမ်းဘေးရှိ “ထာဝရ” ဖုန်းဆိုင်၌ သေနတ်ပြခြိမ်းခြောက်ငွေတောင်းခံရာ မရရှိသဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်မျိုးသန့်(၃၇)နှစ်အား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ ကိုအောင်မျိုးသန့်တွင် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာရရှိသေဆုံးခဲ့ပြီး တရားခံမှ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ဖြင့် လိန်ပင်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ကိုအောင်မျိုးသန့်၏ ဦးလေးဖြစ်သူ ကိုမောင်(ခ)မိုးကျော်အောင်(၄၇) နှစ်နှင့် ဦးပေလုံး(ခ)မင်းလွင်(၅၅)နှစ်တို့ နှစ်ဦးမှ တရားခံ၏နောက်သို့ MDY-12 2E-5457 TOYOTA CROWN ယာဉ်ဖြင့်လိုက်ပါသွားခဲ့ရာ လိန်ပင်ကျေးရွာ ရွာလယ်လမ်းအရောက်၌ အဆိုပါအမျိုးသားမှ ၎င်းစီးလာသည့် ဆိုင်ကယ်ကို မော်တော်ယာဉ် ရှေ့သို့ထိုးရပ်၍ သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ယာဉ်ရှေ့ခန်းအတွင်းသို့ MG-1 လက်ပစ်ဗုံးတစ်လုံးအား ပစ်ပေါက်ခဲ့ရာ လက်ပစ်ဗုံးမှာ ပေါက်ကွဲ ခဲ့ခြင်းမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုမောင်(ခ) မိုးကျော် အောင်နှင့် ဦးပေလုံး(ခ)မင်းလွင်တို့ နှစ်ဦးတွင် ခန္ဓာကိုယ်ကျည်ဖောက်ဝင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း(ပ)၂၄၆၊ ၂၄၈ /၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်လည်းကောင်း သက်ဆိုင်ရာရဲစခန်းများ၌ အမှုဖွင့်ခဲ့သည်။
အလားတူ နိုဝင်ဘာ ၅ ရက်မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပုသိမ်ကြီးမြို့နယ် လိန်ပင်ကျေးရွာ ရွာလယ်လမ်းအနီးနေသူ မထက်ယုယုအောင် (၃၆)နှစ်၏နေအိမ်၌ သေနတ်ဖြင့်ခြိမ်းခြောက်၍ ၄၅ယ/၇၇၂၄၉ DAYANG ခဲ/နက်ရောင် ဆိုင်ကယ်ကို လုယက်ယူဆောင်ခဲ့ပြီး ရေကြည်ကျေးရွာဘက်သို့ ဆက်လက်မောင်းနှင် ထွက်ပြေးသွားသဖြင့် ပုသိမ်ကြီး မြို့မရဲစခန်း (ပ)၂၄၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့်လည်းကောင်း၊ နိုဝင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာရှိ မဇူးမြတ်နိုး(၁၉)နှစ်ပိုင်ဆိုင်သည့် “အထင်ကရ” ကုန်စုံဆိုင်၌ သေနတ်ဖြင့် ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ လုယက်ယူဆောင်ကာ သေနတ်တစ်ချက်ပစ်ဖောက်၍ ထွက်ခွာသွားခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း (ပ)၂၄၇/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ ဖြင့်လည်းကောင်း သက်ဆိုင်ရာရဲစခန်းများ၌ အမှုအသီးသီးရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူ တရားခံအား ဖမ်းဆီးနိုင်ရေး ဆက်လက် စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှုများ ကျူးလွန်ခဲ့သူ တရားခံအား ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီတွင် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု လိန်ပင်ကျေးရွာ အရှေ့ဘက်၊ စိုက်/မွေးသိပ္ပံကျောင်း၏တောင်ဘက် သရက်ခြံတောအတွင်းရှိ လျှိုအတွင်း၌ ပုသိမ်ကြီးမြို့နယ် အရှေ့ကန်ကောက်ရပ်ကွက်နေ တရားခံ နေလင်းအောင်(၂၇)နှစ် (ဘ)ဦးကျော်ဆန်းအား ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ZORAKI M 906-T အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်တစ်တောင့်၊ လက်ကိုင်ဖုန်း နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia