ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေများ ကိုင်ထားသူများရှိကြပြီး ၎င်းတို့၏ ငွေကြေး ဈေးကစားမှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် လဲလှယ်နှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
PUBLISHED - November 26, 2026
နေပြည်တော်၊ နို၀င်ဘာ ၂၆
ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေများ ကိုင်ထားသူများရှိကြပြီး ၎င်းတို့၏ ငွေကြေး ဈေးကစားမှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် လဲလှယ်နှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောသည်။
နိုင်ငံတော်သမ္မတက လက်ရှိအချိန်တွင် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားများအနေဖြင့် နှုန်းထားတစ်ခုတွင် ရောက်ရှိလျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေများ ကိုင်ထားသူများရှိကြပြီး ၎င်းတို့၏ ငွေကြေး ဈေးကစားမှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် လဲလှယ်နှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ ငွေကြေးတန်ဖိုးများနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းထားဖြစ်ရန်လိုကြောင်း ပြောသည်။
ဝင်ငွေနည်းသူများအနေဖြင့် စားရေးအဆင်ပြေစေရေး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းစဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေး၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သူများ ဝင်ငွေတိုးပွားစေရေး၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စားဝတ်နေရေး အဆင်ပြေစေရေး ဆောင်ရွက် ပေးသွားကြရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်လာစေရေး စီမံကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
နိုင်ငံတော်သမ္မတက နိုင်ငံ့ဝန်ထမ်းများ၏ လစာများ တိုးမြှင့်ပေးနိုင်ရေးအတွက်လည်း ချိန်ဆဆောင်ရွက်လျက်ရှိပြီး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ အရပ်ရပ်ကို စနစ်တကျဖြစ်စေရေး တွက်ချက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်ပေးမည်ဆိုပါက MSME လုပ်ငန်းများတွင် လုပ်ငန်း ဆောင်ရွက်လျက်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံများနှင့် ကုန်ထုတ်လုပ်ငန်းများရှိ လုပ်သားများအတွက်နှင့် အငြိမ်းစား လစာခံစားနေသူများ အပါအဝင် ဘက်ပေါင်းစုံမှ တွက်ချက်ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံ့စီးပွားရေး တိုးတက်လာစေရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာကော်မတီများ အနေဖြင့် စနစ်တကျ တွက်ချက်ဆောင်ရွက်နေကြရန် လိုကြောင်း ပြောသည်။
#PeopleMedia