ICJ၏ မဲခွဲဆုံးဖြတ်မှုများနှင့် ပတ်သက်၍ လိုက်နာရန် မသင့်သည်များကို လိုက်နာ ဆောင်ရွက်သွားမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
PUBLISHED - November 26, 2026
နေပြည်တော်၊ နို၀င်ဘာ ၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ မဲခွဲဆုံးဖြတ်မှုများနှင့် ပတ်သက်၍ လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်သမ္မတက လက်ရှိ နိုင်ငံ့အခြေအနေများနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲတင်သွင်းခဲ့သည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က စီရင်ချက်ချမှတ်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စသည် မိမိတို့နိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်တစ်ခုပင်ဖြစ်ပြီး အဆိုပါအမှုကို တင်သွင်းခဲ့သည်မှ ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှုများကို အချက်အလက်ခိုင်မာစွာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လူမျိုးသုဉ်းစေမှု (Genocide) ဟူသည့် အသုံးအနှုန်းအနေဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေကြောင်း ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် တရားရုံးသို့ စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း လျှောက်လဲချက်များတင်သွင်းရာတွင် သက်ဆိုင်ရာအချက်အလက်များ၊ မှတ်တမ်းများနှင့် သက်သေအထောက်အထားများကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့ကြောင်း၊ မိမိအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်ဟူသမျှသည် မိမိ၌အဓိကတာဝန်ရှိသည်ဟု ခံယူထားပြီး နိုင်ငံတော်အား ထိပါးလာသည့် ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ မဲခွဲဆုံးဖြတ်မှုများနှင့် ပတ်သက်၍လည်း တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
နိုင်ငံတော်သမ္မတက အာဆီယံနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားထားပြီးဖြစ်ကြောင်း၊ အာဆီယံပဋိညာဉ်များနှင့်မူဝါဒများကို အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များက လက်မှတ်ရေးထိုးသဘောတူထားခြင်းဖြစ်ပြီး ယင်းပဋိညာဉ်များနှင့် မူဝါဒများ အသက်ဝင်နေပြီး ပျက်ပြယ်မှုမရှိသရွေ့ ယင်းအပေါ်တွင် အခြေခံ၍သာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သဖြင့်လည်း အာဆီယံ၏ပဋိညာဉ်အတိုင်း အဖွဲ့ဝင်နိုင်ငံများအပေါ် ဆက်လက်ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာကြရန်လိုပြီး အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကိုလည်း လေးစားကြရန်လိုကြောင်း ပြောသည်။
#PeopleMedia