• Follow Us on
Latest News

Home “တတိယအကြိမ်သက်တမ်း လွှတ်တော်တွေအတွက် လက်ညိုးထောင် ခေါင်းညိမ့်တွေ၊ Yes/ Men တွေ များ နေလို့ မဖြစ်ဘူးလို့ မှတ်ချက်ချပါတော့တယ်” ငါးနှစ်တာ လွှတ်တော်လည်ပြန်

“တတိယအကြိမ်သက်တမ်း လွှတ်တော်တွေအတွက် လက်ညိုးထောင် ခေါင်းညိမ့်တွေ၊ Yes/ Men တွေ များ နေလို့ မဖြစ်ဘူးလို့ မှတ်ချက်ချပါတော့တယ်” ငါးနှစ်တာ လွှတ်တော်လည်ပြန်

Share this post

ဆောင်းပါး၊ ဇန်နဝါရီ ၇
 
၂၀၂၀ နိုဝင်ဘာ (၈) ရက် အထွေထွေရွေးကောက်ပွဲမှာ ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပထမဆုံးတက်ရောက် မယ့် တတိယအကြိမ်သက်တမ်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေရဲ့ ပထမပုံမှန်အစည်းအဝေးကို လာမယ့်ဖေဖော်ဝါရီ (၁) ရက်မှာ စတင်ကျင်းပဖို့ အခုဇန်နဝါရီ (၆) ရက်ကပဲ ကြေညာချက်ထုတ်ပြန်လိုက်ပါပြီ။
 
တစ်နည်းဆိုရရင် လာမယ့်ဖေဖော်ဝါရီ (၁) ရက်ဟာ ဒုတိယအကြိမ်သက်တမ်းလွှတ်တော်တွေရဲ့ ဇာတ်သိမ်းခန်းဖြစ်ပြီး တတိယ အကြိမ်သက်တမ်းလွှတ်တော်တွေရဲ့ ကန့်လန်ကာအဖွင့်ပဲ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ငါးနှစ်တာ ဒုတိယအကြိမ်သက်တမ်းလွှတ်တော်တွေ အစပြုစဉ်တုန်းကတော့ လွှတ်တော်အသစ်နဲ့ အဟောင်းအကြား အကူးအပြောင်း အလွှဲအပြောင်းတွေနဲ့ ကိုယ်စားလှယ်ဟောင်းတွေကို နှုတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ ဒုတိယအကြိမ်သက် တမ်းလွှတ်တော်ဟာ စောစီးစွာပဲ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နှုတ်ဆက်လမ်းခွဲခဲ့ရပါတယ်။ ပုံမှန်အတိုင်းဆိုရင် အခုဒုတိယ အကြိမ်သက်တမ်းလွှတ်တော်ဟာ သူ့ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းလွှတ်တော်အစည်းအဝေးကို ခေါ်ယူရမှာ ဖြစ်ပေမယ့်၊ ဒီလို အစည်းအဝေး ခေါ်ယူရေးဟာ လွှတ်တော်ဥက္ကဌတွေရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါတယ်။
 
ကိုဗစ်အခြေအနေကြောင့်လို့လည်း ဆိုလို့ရမှာဖြစ်တဲ့ လွှတ်တော်ဥက္ကဌတွေရဲ့ အဆုံးအဖြတ်အရ ဒုတိယအကြိမ်သက်တမ်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကို တင့်တင့် တယ်တယ် လက်ပြနှုတ်ဆက်ခွင့်အရခဲ့ပဲ သူတို့ ငါးနှစ်တာ နေထိုင်ခဲ့တဲ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာက ကိုယ်ပိုင်ပစ္စည်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲကပဲ အပြီးအစီးအထုတ်အပိုးသွားသိမ်းခဲ့ကြရပါတယ်။
ဒါကြောင့် လာမယ့်ငါးနှစ်တာ နေပြည်တော်မှာ ဆက်လက်နေထိုင်ခွင့်မရတော့တဲ့၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်မခံ ရတော့တဲ့ ဒုတိယအကြိမ်သက်တမ်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော် ဇာတ်သိမ်းခံဟာ လွမ်းလောက်စရာဖြစ်တယ်လို့ ဆိုရမှာပါ။
 
ဘာပဲဖြစ်ဖြစ် လာမယ့် တတိယအကြိမ်သက်တမ်းလွှတ်တော်တွေကတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ကန့်လန်ကာ စဖွင့်ပါပြီ။ ပြီးခဲ့တဲ့ ဒုတိယအကြိမ်သက်တမ်းလွှတ်တော်တွေရဲ့ ကန့်လန်ကာစအဖွင့်ကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ပြဌာန်းမှုနဲ့ အစပြုခဲ့ကြတာကို မှတ်မိကြပါလိမ့်အုံးမယ်။ အခု တတိယအကြိမ်သက်တမ်းလွှတ်တော်ဟာလည်း ဒီဥပဒေကို ဆက် လက်အတည်ပြုဖို့ရှိ၊ မရှိဆိုတာနဲ့ပဲ အစပြုကြလိမ့်မယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
 
အခုလို ကိုဗစ်အလွမ်းဇာတ်သိမ်းသွားရတဲ့ ဒုတိယအကြိမ်သက်တမ်းလွှတ်တော်ရဲ့ ဇာတ်သိမ်းခံကို ကြည့်မယ်ဆိုရင် ၂၀၁၀ ခုနှစ် ကတည်းက နေပြည်တော်မှာ ခြေချခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက လက်ပြနှုတ်ဆက်သွားခဲ့ရသူတွေကိုလည်း တွေ့ရ မှာဖြစ်ပါတယ်။ အထူးသဖြင့်တော့ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်မခံရတော့တဲ့ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စား လှယ်တွေပဲ ဖြစ်ပါတယ်။
 
ဒီအထဲမှာမှ ထူးထူးခြားခြား ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ပါ။ ရသေ့တောင်ပြည်သူ့လွှတ် တော်က ဒေါ်ခင်စောဝေတို့လို ရခိုင်ကိုယ်စားလှယ်အချို့ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်လို့မဟုတ်ဘဲ သူတို့ရဲ့ မဲဆန္ဒနယ်မှာ ရွေးကောက် ပွဲကျင်းပနိုင်ခြင်းမရှိခဲ့တာကြောင့် နေပြည်တော်လွှတ်တော်ကို လက်ပြနှုတ်ဆက်ခဲ့ရသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ နေပြည်တော်မှာ ပြန်လည်ခြေချနိုင်ခြင်း ရှိ၊ မရှိဆိုတာကလည်း ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပ နိုင်ခြင်း ရှိ၊ မရှိ အပေါ်မှာ မူတည်လို့နေပါတယ်။
 
ဒီလို ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံးခဲ့ရတဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့တက်ရောက်ခဲ့ရတဲ့ ဒုတိယအကြိမ် သက်တမ်းလွှတ်တော်ကို လည်ပြန်ကြည့်ပြီး မီဒီယာတွေမှာ ပြန်ပြောကြတဲ့ စကားတွေကို ကြည်ရင်းလည်း ပြီးခဲ့တဲ့ လွှတ်တော် အပေါ် ရှုမြင်ချက်က သိပ်မကောင်းလှပါဘူး။
 
အထူးသဖြင့် အန်အယ်လ်ဒီပါတီလွှမ်းမိုးခဲ့တဲ့ ဒုတိယအကြိမ်သက်တမ်းလွှတ်တော် ငါးနှစ်အတွင်းမှာ လူနည်းစုတိုင်းရင်းသား ကိုယ်စားလှယ်တွေအတွက် အခွင့်အလမ်းနည်းပါးခဲ့ကြတယ်လို့ ရှုမြင်သုံးသပ်ချက်ပါတယ်။ ငါးနှစ်တာ လွှတ်တော်ကာလအတွင်း တိုင်းရင်းသားကိုယ်စားလှယ်တွေရဲ့ အဆိုတွေကို လက်ခံဆွေးနွေးတာ၊ အတည်ပြုပေးတာတွေက နည်းပါးလွန်းတယ်လို့ ဆိုကြပါ တယ်။ တင်သွင်းခွင့်ရတဲ့ အဆိုတွေဟာလည်း များသောအားဖြင့် အစိုးရက မဖြစ်မနေ အကောင်အထည်ဖော်ပေးရမယ့် အနေအထား ဖြစ်တဲ့ အဆိုအတည်ပြုခြင်းကို မလုပ်နိုင်ပဲ အဆိုကို မှတ်တမ်းတင်ခြင်း၊ မှတ်တမ်းတင်စောင့်ကြည့်ခြင်းဆိုတဲ့ အစိုးရကို အခွင့်အရေး ပေးမှုတွေနဲ့ နိဂုံးချုပ်ခဲ့ရတာ များတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ကြပါတယ်။
 
အခြားတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့ကတော့ ပြီးခဲ့တဲ့ ငါးနှစ်တာ လွှတ်တော်သက်တမ်းဟာ ပထမအကြိမ်လွှတ် တော်သက်မတမ်းနဲ့ ယှဉ်ရင် တိုးတက်မှုတွေ ရှိတယ်လို့ မှတ်ချက်ပြုခဲ့ကြပေမယ့် တိုင်းရင်းသားတွေအတွက် စိတ်ကျေနပ်လောက်တဲ့ လွှတ်တော်တော့ မဖြစ်ခဲ့ဘူးလို့ ဆိုကြပါတယ်။
 
ပြီးခဲ့တဲ့ ငါးနှစ်တာ လွှတ်တော်သက်တမ်းမှာ လွှတ်တော်ပုံမှန်အစည်းအဝေးပေါင်း (၁၇) ကြိမ်ကျင်းပနိုင်ခဲ့ပါတယ်။ သက်တမ်း အတွင်း ဥပေဒပေါင်း (၁၄၆) ခုကို ပြင်ဆင်ပြဌာန်းနိုင်ခဲ့ပါတယ်။ ပထမကြိမ်သက်တမ်းနဲ့ယှဉ်မယ်ဆိုရင် ဥပဒေပြင်ဆင်ပြဌာန်း နိုင်မှုပေါင်း (၈၆) ခုတောင် လျော့နည်းခဲ့တယ်လို့ဆိုရမှာပါ။ ပထမအကြိမ်သက်တမ်းလွှတ်တော်အတွင်းမှာ ဥပဒေ ပြင်ဆင်ပြဌာန်းနိုင် မှုပေါင်းဟာ (၂၃၂) ခုတောင် ရှိခဲ့ပါတယ်။
 
ဒါပေမယ့် အန်အယ်လ်ဒီပါတီက လွှမ်းမိုးထားတဲ့ ဒီဒုတိယအကြိမ်သက်တမ်းလွှတ်တော်မှာ ပြည်သူလူထုအတွက် နှစ်ပေါင်းများစွာ နစ်နာဆုံးရှုံးနေတဲ့ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ပြဌာန်းတာ၊ ပြင်ဆင်တာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ အန်အယ်လ်ဒီလွှတ် တော်ကိုယ်စားလှယ်အချို့က အခိုင်အမာဆိုကြပါတယ်။
 
ဒီပြောကြားချက်တွေနဲ့ပတ်သက်ရင်တော့ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည်ဝင်ရောက်ရွေးချယ်ခံခြင်းမရှိတော့တဲ့ အန်အယ်လ် ဒီပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်(စာရေးဆရာ ဝင်းထွဋ်ဇော်)က ဒီလိုလုပ်ဆောင်ချက်တွေဟာ လွှတ်တော်သက်တမ်းအစပိုင်းမှာသာ ဖြစ်ပြီး နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေကြား လက်ညိုးထောင်ခေါင်းငြိမ့်တွေသာ များပြားလာခဲတယ်လို့ ဝေဖန်ပါတယ်။
 
အထူးသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်တွေက လွှတ်တော်တွင်းမှာ အဆိုတွေ၊ မေးခွန်းတွေ တင်သွင်းမှုမှာ မျက်နှာသာရကြတယ် လို့ ဆိုကြတဲ့ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် အဆိုတွေ၊ မေးခွန်းတွေကို လွှတ်တော်မှာ တိုက်ရိုက်တင်သွင်း ခွင့်မရဘဲ ပါတီရဲ့ လွှတ်တော်အဆိုတွေ၊ မေးခွန်းတွေကို စိစစ်တဲ့ အဖွဲ့ထံ အရင်ဆုံးတင်ပြ ဖြတ်သန်းရတာကြောင့် လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ ပင်ကိုယ်အရည်အသွေးတွေ ကျဆင်းခဲ့ရတယ်လို့ ဦးရဲထွဋ်က ဝေဖန်ပါတယ်။
 
မှတ်တမ်းတွေအရတော့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း အဆိုတင်သွင်းမှုမှာ ပြည်သူ့လွှတ်တော်အနေနဲ့ (၁၉၉) ခု၊ အမျိုးသားလွှတ်တော်အနေနဲ့ (၁၈) ခု၊ ပြည်ထောင်စုလွှတ်တော်အနေနဲ့ (၂၃၅) ခု ရှိခဲ့ပါတယ်။ ဥပဒေကြိမ်းတင်သွင်းမှုတွေကို ကြည့်ရင်တော့ ပြည်သူ့လွှတ်တော်အနေနဲ့ (၃၆) ခု၊ အမျိုးသားလွှတ်တော်အနေနဲံ (၃၇) ခု၊ ပြည်ထောင်စုလွှတ်တော်အနေနဲ့ (၂၄၈) ခု ရှိခဲ့ပါတယ်။
 
ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုမှာတော့ ပြည်သူ့လွှတ်တော်အနေနဲ့ (၃၃၄) ခု၊ အမျိုးသားလွှတ်တော် (၁၆၃) ခု ရှိခဲ့ပါတယ်။
 
ဒီအဆိုတွေ၊ မေးခွန်းတွေထဲမှာ ပြည်သူလူထုကြား အားပေးထောက်ခံမှု ရရှိခဲ့တဲ့ အဆိုတွေ၊ မေးခွန်းတွေလည်း ပါဝင်ပေမယ့် အစိုးရ အပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ အဆိုတွေ၊ မေးခွန်းတွေကိုတော့ လွှတ်တော်အနေနဲ့ အတည်ပြုပေးတာ အားနည်းတယ်လို့ လွှတ် တော်လေ့လာစောင့်ကြည့်ရေး သုတေသနအဖွဲ့တွေက ဆိုကြပါတယ်။ ဒါ့အပြင် အတည်ပြုပေးတဲ့ လွှတ်တော်တွေ အဆိုတွေ၊ မေးခွန်တွေ အပေါ်လည်း အစိုးရအနေနဲ့ အကောင်အထည်ဖော်ခြင်း ရှိ၊ မရှိ စိစစ်ထိန်းကျောင်း စောင့်ကြည့်မှုမှာ အားနည်းခဲ့တယ်လို့ ဆိုကြပါတယ်။
 
အထူးသဖြင့်တော့ လက်ရှိနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်စဉ် လွှတ်တော် သက်တမ်းအစောပိုင်းကာလတွေမှာ လွှတ်တော်အနေနဲ့ အစိုးရကို ထိန်းကျောင်းတာ၊ ဝန်ကြီးဌာနတွေကို စောင့်ကြည့် ထိန်းကျောင်း တာ အားကောင်းခဲ့ပေမယ့် လွှတ်တော်သက်တမ်း တစ်ဝက်မတိုင်ခင်မှာတော့ လွှတ်တော်ရဲ့ လုပ်ဆောင်မှုတွေဟာ ပြောင်းလဲသွားခဲ့ ရတယ်လို့ သုံးသပ်ကြပါတယ်။ လွှတ်တော် နောက်ပိုင်းသက်တမ်းကာလတွေမှာ လွှတ်တော်နဲ့ အစိုးရကြား အပြန်အလှန်ထိန်း ကျောင်းမှု ပုံစံထက် အာဏာရပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ လွှတ်တော်ဟာ တည်ငြိမ်ရေးဆိုတာကို ဇောင်းပေးပြီး ဖြတ်သန်းခဲ့တယ် လို့ ဆိုကြပါတယ်။
 
ဒါဟာ လွှတ်တော်အခန်းကဏ္ဍကို မှေးမှိန်စေတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အားထုတ်မှုကို အားလျော့သွားစေတာ ဖြစ် တယ်လို့လည်း သုံးသပ်ကြပါတယ်။
ဒီတော့ ပြီးခဲ့တဲ့ လွှတ်တော်ရဲ့ ငါးနှစ်တာကာလကို လည်ပြန်ကြည့်တဲ့အခါမှာ ပြည်သူလူထု စိတ်ပါဝင်စားမှု၊ အားတက်သရော ထောက်ခံမှုကို ရရှိခဲ့တဲ့ လွှတ်တော်ဆိုတာထက် ပြည်သူလူထုအပေါ် ကိုယ်စားပြုမှု အခန်းကဏ္ဍ ဆုံးရှုံးခဲ့ရတဲ့ လွှတ်တော်အဖြစ် ပြန်လည်ရှုမြင်ရတာကို တွေ့ရမှာပါ။
 
နေပြည်တော် လွှတ်တော်ကို လက်ပြနှုတ်ဆက်ခဲ့ပြီဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွဋ်ကတော့ သူ ခြေချ ခဲ့တဲ့ လွှတ်တော် သက်တမ်းကာလကို လည်ပြန်ကြည့်ရင်း လာမယ့်တတိယအကြိမ် သက်တမ်းလွှတ်တော်တွေအတွက် လက်ညိုး ထောင် ခေါင်းငြိမ်းတွေ၊ Yes/ Men တွေ များနေလို့ မဖြစ်ဘူးလို့ မှတ်ချက်ချပါတော့တယ်။
 
Photo – ပြည်ထောင်စုလွှတ်တော်
 
(အံ့ခေါင်မင်း EPN ရေးသည်)
 
#PeopleMedia #လွှတ်တော်
 
(unicode)
 
………………….
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Share this post