တာချီလိတ်မြို့မှာ နေအိမ်တစ်လုံးအတွင်းမှ ငွေကျပ် ၁ ဒသမ ၀၀၃၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - November 26, 2026
နေပြည်တော်၊ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခတ္တာလမ်းသွယ်ရှိ နေအိမ်တစ်လုံးအတွင်းမှ ငွေကျပ် ၁ ဒသမ ၀၀၃၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ (၂၅)ရက် နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခတ္တာလမ်းသွယ်နေ ကျလား၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုးလာမူအား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၃၃ ကီလို (ဒေသကာလတန်ဖိုးငွေကျပ် ၂,၈၀၅ သိန်း)၊ Happy Water အလေးချိန် ၅.၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၁၆၀)၊ ကက်တမင်းအဆီရည် ၁ လီတာ (ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၃,၀၀၀)၊ စိတ်ကြွဆေးပြား ၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၈ သိန်း)၊ အက်တက်စီဆေးပြား ၁၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀)၊ ကက်တမင်းအလေးချိန် ၃၀၀ ဂရမ် (ဒေသကာလတန်ဖိုးငွေကျပ် ၃၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ယင်းအတွက်ကြောင့် ကျလား(၂၈)နှစ် နှင့် စိုးလာမူ(၃၀)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
#PeopleMedia