• Follow Us on

Home ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်သွားဖို့အစီအစဉ် လုံးဝမရှိကြောင်း အမေရိကန်နဲ့ နေတိုးပြော

ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်သွားဖို့အစီအစဉ် လုံးဝမရှိကြောင်း အမေရိကန်နဲ့ နေတိုးပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့ရဲ့အဓိကမဟာမိတ်နိုင်ငံတွေက ၎င်းတို့အနေနဲ့ ယူကရိန်းကို တပ်ဖွဲ့ဝင် တွေစေလွှတ်သွားဖို့ အစီအစဉ် လုံးဝမရှိကြောင်း အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၇ ရက်နေ့) က ပြောကြားလိုက်ပါ တယ်။

 

ပြင်သစ်နိုင်ငံက ၎င်းတို့တပ်ဖွဲ့ဝင်တွေကို စေလွှတ်ကောင်းစေလွှတ်သွားနိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့တဲ့ အတွက် အဲဒီလိုဆောင်ရွက်လာခဲ့ရင် ရုရှားနိုင်ငံနဲ့ နေတိုးအဖွဲ့ မလွှဲမရှောင်သာ စစ်ပွဲဆင်နွှဲရတဲ့အဆင့်ကိုရောက် ရှိသွားမှာဖြစ်ကြောင်း ရုရှားအစိုးရက ပြောဆိုပြီးနောက်မှာ အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ ရုရှားအနိုင်ရမသွားအောင် ကာကွယ်ဟန့်တားဖို့အတွက် ရွေးချယ်စရာနည်းလမ်းအားလုံးကို ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ဒါပေမဲ့ ဒီအဆင့်မှာ အားလုံးသဘောတူညီမှုရမှာ မဟုတ်ကြောင်း ပြင်သစ် သမ္မတအီမန်နျူရယ်မက်ခရွန်က တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၆ ရက်နေ့) က ပြောပါတယ်။

 

ရုရှားဘက်က အောင်ပွဲတွေရနေပြီး ယူကရိန်းဘက်မှာ လက်နက်ခဲယမ်းတွေ မလုံမလောက်ဖြစ်နေချိန်မှာ ယူကရိန်းထောက်ပံ့မှုမြှင့်တင်ရေးအတွက် ပဲရစ်မြို့မှာ ဥရောပခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေးကျင်း ပနေချိန်မှာ ပြင်သစ်သမ္မတက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

 

ဒါပေမဲ့ ဂျာမနီ၊ ဗြိတိန်၊ စပိန်၊ ပိုလန်နဲ့ ချက်သမ္မတနိုင်ငံတို့က ၎င်းတို့နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပေး ဖို့ ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

“ယူကရိန်းနိုင်ငံထဲကို ဥရောပအဖွဲ့ဝင်နိုင်ငံတွေကရော နေတိုးအဖွဲ့ဝင်နိုင်ငံတွေကပါ ဘယ်နိုင်ငံကမှ မြေပြင်တပ် ဖွဲ့ဝင်တွေ၊ စစ်သည်တွေ စေလွှတ်သွားမှာ မဟုတ်ပါဘူး။” လို့ ဂျာမန်အဓိပတိအိုလက်ရှိုးက အင်္ဂါ်နေ့က ပြောပါ တယ်။ မြေပြင်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ဆိုတာ ဂျာမနီအတွက် ရွေးချယ်စရာနည်းလမ်းတစ်ခု မဟုတ်ကြောင်း ဂျာမန် ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးပ်စ်ကလည်း ပြောပါတယ်။

 

ယူကရိန်းတပ်ဖွဲ့ဝင်တွေ လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေရရှိရေးအတွက် ရပ်တန့်နေတဲ့ လုံခြုံရေးအကူအညီ ဥပဒေကြမ်း အတည်ပြုနိုင်ရေးအတွက် အမေရိကန်လွှတ်တော်အမတ်တွေကို တိုက်တွန်းတာကလွဲလို့ မြေပြင် တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ လုံးဝ အစီအစဉ်မရှိကြောင်း အိမ်ဖြူတော်ကလည်း နောက်ပိုင်းမှာ ထပ်တလဲလဲပြော ပါတယ်။

 

ပြင်သစ်သမ္မတပြောဆိုတဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ကောင်းစေလွှတ်သွားနိုင်တယ်ဆိုတာဟာ မိုင်းရှင်းလင်းရေး၊ လက်နက်ထုတ်လုပ်ရေးနဲ့ ဆိုက်ဘာကာကွယ်ရေးတွေမှာ ကူညီဆောင်ရွက်မယ့်တပ်ဖွဲ့ဝင်တွေကို ဆိုလိုတာဖြစ် ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတီဖိန်းဆီးဂျိုနီက ပြောပါတယ်။

 

“ဒီလိုပြောတာဟာ တိုက်ခိုက်ရေးစည်းမျဉ်းကို မကျော်ဖြတ်ဘဲ ယူကရိန်းမြေပေါ်မှာ သွားရောက်ကူညီတာကို ဆို လိုတာပါ။”လို့ ဆီးဂျိုနီက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီတွေ တိုးမြှင့်ပေးအပ်နိုင်ဖို့ ဥရောပဒေသအပြင်ဘက် နိုင်ငံတွေဆီက လက်နက်ခဲယမ်းတွေ ဝယ်ယူပြီးထောက်ပံ့သွားဖို့ ဆန္ဒရှိနေတယ်လို့ တနင်္လာနေ့အစည်းအဝေးအပြီးမှာ ဥရောပ ခေါင်းဆောင်တွေက ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဂျာမန်အဓိပတိအိုလက်ရှိုးက ပြောပါတယ်။

 

ဂျာမနီဟာ ယူကရိန်းစစ်ပွဲစတင်ကတည်းက စစ်လက်နက်ပစ္စည်းထောက်ပံ့ရာမှာ ဒုတိယအများဆုံးထောက်ပံ့ခဲ့ တဲ့နိုင်ငံဖြစ်ပေမဲ့ ရုရှားနဲ့ နေတိုးအဖွဲ့ ထိပ်တိုက်တွေ့ဆုံမယ့်အရေးကိုတော့ အလွန်စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါ တယ်။

 

Ref: NATO Allies Rule out Sending Troops to Ukraine as Russia Rebukes Macron

 

#PeopleMedia


Share this post