အေအာတီဆေး သောက်သုံးလျက်ရှိသော လူနာများအတွက် ဆေးဝါးများပြတ်လပ်ခြင်းမရှိအောင် ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးပြောကြား
PUBLISHED - November 26, 2026
နေပြည်တော်၊ နိုဝင်ဘာ ၂၆
နိုင်ငံတော်က အေအာတီဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိပြီး အေအာတီသောက်သုံးလျက်ရှိသော လူနာများအတွက် ဆေးဝါးများ ပြတ်လပ်ခြင်းမရှိအောင် ဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ (၂၅)ရက် နံနက် (၉)နာရီက နေပြည်တော်မှာ ကျင်းပတဲ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၆ -၂၀၃၀)အသိပေးမိတ်ဆက်ခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာအမျိုးသားမဟာဗျူဟာစီမံကိန်းများကို ငါးနှစ် တစ်ကြိမ် ရေးဆွဲပြီး အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အဓိက ရည်မှန်းချက်များအဖြစ် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူများ၏ ၉၅ ရာခိုင်နှုန်းသည် ရောဂါပိုးရှိနေကြောင်းသိရှိရန်၊ အိပ်ချ်အိုင်ဗွီပိုးရှိကြောင်း စစ်ဆေးသိရှိထားသူများ၏ ၉၅ ရာခိုင်နှုန်းသည် အေအာတီဆေးကုသမှုရရှိရန်၊ အေအာတီဆေး သောက်သုံးနေသူများ၏ ၉၅ ရာခိုင်နှုန်းသည် ပိုးကောင်ရေထိန်းချုပ်မှုရရှိရန်နှင့် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီနှင့် ဆစ်ဖလစ်ပိုးကူးစက်မှုကင်းဝေးရန် သတ်မှတ်ထားကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ယင်းနောက် ကျန်းမာရေးဝန်ကြီး ဒေါက်တာစိုးဝင်းက အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ပြခန်းကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာအမျိုးသားမဟာဗျူဟာစီမံကိန်း(၂၀၂၆-၂၀၃၀) ၏ အဓိက မျှော်မှန်းချက်သည် ၂၀၃၀ ပြည့်နှစ်တွင် အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ အဆုံးသတ်နိုင်ရေး ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယင်းမျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အဓိကကဏ္ဍခြောက်ရပ်ဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ကြမည် ဖြစ်တယ်လို့ သိရပါတယ်။
#PeopleMedia