• Follow Us on

Home ရခိုင်ပြည်နယ်ကောင်စီအဖွဲ့တွင် ANP ပါတီဝင်ပါဝင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ ANP ပါတီဝင်များ ထပ်မံ တောင်းဆိုမည်

ရခိုင်ပြည်နယ်ကောင်စီအဖွဲ့တွင် ANP ပါတီဝင်ပါဝင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ ANP ပါတီဝင်များ ထပ်မံ တောင်းဆိုမည်

Share this post

ရခိုင်၊ မတ် – ၁၂

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် ရခိုင်အမျိုးသားပါတီ (ANP)ပါဝင်နိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီထံ ထပ်မံတောင်းဆိုသွားမည်ဖြစ်ကြောင်း ANPပါတီကို မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက People Mediaသို့ ပြောသည်။

“ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပူးပေါင်း ပါဝင်ခွင့်မရဘူးဆိုရင် ကျွန်တော် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေး၊ ပြည်သူနှင့်ထိတွေ့တဲ့အခါမှာ အားနည်းချက်တွေ ဖြစ်လာလိမ့်မယ်၊ ရခိုင်အမျိုးသားပါတီဟာ ပြည်နယ်ကို ကိုယ်စားပြုပြီး အများဆုံးအနိုင်ရထားတဲ့ပါတီ ရခိုင်ပြည်သူကို ကိုယ်စားပြု အားများတဲ့ပါတီတစ်ရက်ရဲ့ ကိုယ်စားပြုမှုမပါဘူးဆိုရင်တော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေး အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ စိတ်ခေါ်မှုတွေကို ဖြေရှင်းနိုင်မှုမှာ အားနည်းသွားလိမ့်မယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့က အဲ့နေရာတွေကို တောင်းထားတာ သူတို့ဘက်မပေးသေးဘူးပေါ့၊ ဒါကြောင့် ကျွန်တော်တို့က ဆက်ပြီးတောင်းဆိုသွားဖို့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ANPပါတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တောင်းဆိုထားသည့် အချက် (၇)ချက်ရှိကြောင်း အဆိုပါ တောင်းဆိုချက်များထဲမှ အချက်တော်တော်များများကိုလည်း ကောင်စီမှ လိုက်လျောပေးခဲ့ကြောင်း၊ သို့သော် ပါတီ၏ အဓိကတောင်းဆိုချက်ဖြစ်သည့် ပြည်နယ်ကောင်စီနေရာများ၌ ANPပါတီမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ကိုမူ ယခုအချိန်ထိ တုန့်ပြန်မှုမရှိသေးကြောင်း ဦးဖေသန်းက ဆိုသည်။

“အဲ့အတွက် ဗဟိုကော်မတီ အစည်းအဝေးပြန်ခေါ်ရမှာပေါ့၊ အဲ့ဒီအစည်းအဝေးမှာ အကျိုးမရှိဘူး၊ ပြည်သူတွေ မျှော်လင့်ထားသလို ဖြစ်မလာဘူးဆိုပြီး အစည်းအဝေးက ဆုံးဖြတ်ခဲ့ရင် ပူးပေါင်းပါဝင်မှု ရပ်ကောင်း ရက်နိုင်ပါတယ်။ လောလောဆယ်တော့ အဲ့နေရာတွေ ရအောင် ပြန်ပြီးဆွေးနွေးသွားမှာပေါ့”ဟု ANPပါတီကို မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

ANPပါတီအနေဖြင့် ရခိုင်ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့်ရှိသည့် နေရာမှ ပါဝင်မှသာ ထိထိရောက်ရောက်ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပြည်နယ်ကောင်စီ နေရာအတွက် တောင်းဆိုနေရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။


Share this post