• Follow Us on

Home အာဖဂန်တွင် ပေးအပ်ခဲ့သည့် ဘီလျံပေါင်းများစွာ တာလီဘန်များအတွက် အကျိုးဖြစ်ထွန်းသွား

အာဖဂန်တွင် ပေးအပ်ခဲ့သည့် ဘီလျံပေါင်းများစွာ တာလီဘန်များအတွက် အကျိုးဖြစ်ထွန်းသွား

Share this post

နိုင်ငံတကာသတင်းဆောင်းပါး

 

နှစ်ပေါင်းနှစ်ဆယ်အတွင်း အမေရိကန်ဒေါ်လာ ၈၃ ဘီလျံအကုန်အကျခံပြီး အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်ကြားပေးခဲ့သမျှ သဲထဲရေသွန်ဖြစ်ကာ တာလီဘန်များအတွက် အကျိုးရှိသွားသည့်အဖြစ်သို့ဆိုက် ရောက်သွားကြောင်းသိရသည်။

 

အာဖဂန်အစိုးရတပ်ဖွဲ့ဝင်များ ထိရောက်စွာခုခံကာကွယ်နိုင်စွမ်းမရှိသည့်အတွက် အမေရိကန်ကတပ်ဆင်ပေး ထားသော လက်နက်ခဲယမ်းများ၊ ရဟတ်ယာဉ်များနှင့် အခြားခေတ်မီစစ်လက်နက်ပစ္စည်းများမှာ တာလီဘန်တို့ လက်သို့ကျရောက်ခဲ့ရသည်။ အာဖဂန်စစ်တပ်ကို အမေရိကန်ထောက်ပံ့ထားသည့် လက်နက်ခဲယမ်းများနှင့် အ ခြားစစ်လက်နက်ပစ္စည်း အမြောက်အမြားကို တာလီဘန်များသိမ်းပိုက်ရရှိသွားကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ဝန်ခံပြောကြားခဲ့သည်။

 

ရေရှည်တောင့်ခံထားနိုင်သည့် အာဖဂန်စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို အမေရိကန်အနေဖြင့် မထူထောင်ပေးနိုင်ခဲ့ပေ။ ဆုံးရှုံးရသည့်အကြောင်းရင်းများစွာကို စစ်ဘက်ဆိုင်ရာဆန်းစစ်လေ့လာသူများအနေဖြင့် နှစ်ပေါင်းများစွာလေ့ လာကြရဦးမည်ဟုဆိုသည်။ “စိတ်ဓာတ်ကို ငွေနဲ့ ဝယ်ယူလို့မရဘူး။ ခေါင်းဆောင်မှုကိုလည်း ဝယ်ယူလို့မရဘူး ဗျ။” ဟု ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘိုင်ကပြောသည်။

 

“အာဖဂန်လူမျိုးတွေဟာ ပိုပြီးအရေးကြီးတဲ့ ထိတွေ့ကိုင်တွယ်လို့မရတဲ့အရာတွေထက် သူတို့မှာမရှိတဲ့ ထိတွေ့ ကိုင်တွယ်လို့ရတဲ့အရာတွေကို လက်ခံရရှိခဲ့တာဖြစ်တယ်။” ဟု ဂျော့ဒဗလျူဘုရှ်နှင့် ဘားရက်အိုဘားမားအစိုးရ များလက်ထက်တွင် အာဖဂန်စစ်ပွဲမဟာဗျူဟာပိုင်းကို တိုက်ရိုက်ကူညီခဲ့သူ အမေရိကန်ကြည်းတပ်မှ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါက်လု(တ်) ကပြောသည်။

 

“စစ်ပွဲရဲ့ အခြေခံသဘောတရားက ရုပ်ပိုင်းဆိုင်ရာအခြေခံအကြောင်းရင်းတွေကို စိတ်ပိုင်းဆိုင်ရာအခြေခံ အ ကြောင်းရင်းတွေက လွှမ်းမိုးထားပါတယ်။ စိတ်ဓာတ်၊ စည်းကမ်း၊ ခေါင်းဆောင်မှု၊ အဖွဲ့အစည်းအတွင်း စည်းလုံး မှု စတာတွေဟာ စစ်သည်အင်အားနဲ့ စစ်လက်နက်ပစ္စည်းတွေထက် ပိုပြီးအဆုံးအဖြတ်ပေးပါတယ်။ အာဖဂန် နစ္စတန်နိုင်ငံရဲ့အပြင်ဘက်ကလူတွေအဖြစ် ကျွန်တော်တို့က စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးအပ်နိုင်ပါ တယ်။ ဒါပေမဲ့ အာဖဂန်လူမျိုးတွေကပဲ ထိတွေ့ကိုင်တွယ်လို့မရတဲ့ စိတ်ပိုင်းဆိုင်ရာအခြေခံအကြောင်းရင်းတွေ ကို ထောက်ပံ့ပေးနိုင်တာပါ။” ဟု ဒေါက်လု(တ်) ကပြောသည်။

 

ဆန့်ကျင်ဘက်အနေဖြင့် မဟာအင်အားကြီးအမေရိကန်၏ထောက်လှမ်းရေးအဖွဲ့အစည်းများသည် တာလီဘန် တို့၏ အားသာချက်များကို လျှော့တွက်ခဲ့ကြောင်း အင်အားအနည်းငယ်သာရှိသော၊ ခေတ်မီလက်နက်အနည်း ငယ်သာရှိသော၊ လေကြောင်းအထောက်အကူလုံးဝမရှိသော အာဖဂန်နစ္စတန်မှ တာလီဘန်များက သက်သေ ပြခဲ့သည်။ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ဧပြီလအတွင်းက သမ္မတဂျိုးဘိုင်ဒန် ကြေညာခဲ့ပြီး နောက်ပိုင်းမှာပင်လျှင် အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းများသည် အလွန်အံ့သြလောက် ဖွယ်ရာအောင်မြင်ခဲ့မည့် တာလီဘန်တို့၏ နောက်ဆုံးထိုးစစ်ကြီးကို ကြိုတင်ခန့်မှန်းနိုင်စွမ်းမရှိခဲ့ပေ။

 

“တကယ်လို့သာ ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ပုံနည်းလမ်းတစ်ခုအဖြစ် မျှော်လင့်ချက်ကို အသုံးမပြုခဲ့ဘူး ဆိုရင် အမေရိကန်တပ်ဖွဲ့တွေကို အလျင်အမြန်ဆုတ်ခွာခိုင်းလိုက်တာဟာ အမေရိကန်တွေဟာ အာဖဂန်စစ် သားတွေကို စွန့်ခွာသွားတော့မယ်လို့ သူတို့ကိုအချက်ပေးလိုက်တာပါပဲ။” ဟု ၂၀၀၁ ခုနှစ် အာဖဂန်စစ်ပွဲကို ကြုံ တွေ့ခဲ့ဖူးပြီး သမ္မတဒေါ်နယ်ထရမ့်သက်တမ်းကုန်ခါနီးတွင် ခေတ္တကာကွယ်ရေးဝန်ကြီးလုပ်ခဲ့သူ ချာရစ်မီလာက ပြောသည်။

 

ဂျိုးဘိုင်ဒန်၏ အမေရိကန်တပ်များဆုတ်ခွာဖို့ကြေညာချက်သည် နောက်ဆုံးပြိုလဲမှုကို စတင်ဖြစ်ပေါ်စေခြင်းဖြစ် ကြောင်း ကိုလမ်ဘီယာတက္ကသိုလ်မှ နိုင်ငံတကာနှင့်အစိုးရရေးရာပါမောက္ခနှင့် အာဖဂန်ရှိ အမေရိကန်တပ်မှူး များအကြံပေးအရာရှိဟောင်း စတီဖင်ဘစ်ဒယ်လ်ကပြောသည်။

 

“အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာတဲ့ပြဿနာက အာဖဂန်တိုင်းပြည်အနှံ့အပြားကို အချက်ပေး လိုက်တာပဲ။ ဘာလဲဆိုတော့ လှည့်စားမှုတွေမြင်လိုက်ရပြီဆိုတဲ့အဓိပ္ပာယ်ပေ့ါဗျာ။ လူတိုင်းက အဲဒီလိုပဲ မြင်တာ ပဲလေ။” ဟု ဘစ်ဒယ်လ်ကပြောသည်။ ဧပြီလမတိုင်ခင် အာဖဂန်စစ်သားတွေဟာ တဖြည်းဖြည်းတည် တည် ငြိမ်ငြိမ်နဲ့ စစ်ပွဲကိုစွန့်လွှတ်နေကြပြီဖြစ်ကြောင်း၊ ၎င်းတို့၏အဓိကအဟာမိတ်အမေရိကန်များ ပြန်လည်ဆုတ်ခွာ ကြတော့မည်ဆိုသည့်သတင်းကိုကြားကတည်းက ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ အရှုံးပေးလိုက်ရန် စေ့ ဆော်မှုက တောမီးပမာပျံ့နှံ့ခဲ့ကြောင်း ၎င်းကပြောသည်။

 

သို့သော် မအောင်မြင်သူများမှာ ပို၍ဝေးသောနောက်ကြောင်းသို့ပြန်လှည့်သွားကြသည်။ အမေရိကန်အစိုးရ သည် တာလီဘန်များကိုတိုက်ထုတ်နေသကဲ့သို့ တစ်ဖက်က ကဘူးမြို့ပေါ်တွင် အစိုးရ၏ နိုင်ငံရေးအခြေခံ အုတ်မြစ်ကို ပိုမိုခိုင်မာအောင်တည်ဆောက်ပေးနိုင်ရန် ကြိုးပမ်းရင်း အာဖဂန်တပ်မတော်ကိုလည်း ယုံကြည်စိတ် ချရလောက် သောတပ်မတော်တစ်ရပ်အဖြစ် အလျင်အမြန်ဖွဲ့စည်းတည်ထောင်ရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ကြိုး ပမ်းစဉ်မှာပင် အဂတိလိုက်စားမှုနှင့် ဆွေမျိုးသားချင်းကောင်းစားရေးဝါဒများထူပြောလှသည့်နိုင်ငံတွင် ဒီမိုကရေ စီထူထောင်ရန် ကြိုးစားခဲ့သည်။

 

တစ်နှစ်ပြီးတစ်နှစ် အမေရိကန်စစ်ခေါင်းဆောင်များသည် ပြဿနာများကို ဘေးချိတ်ပစ်ရန် ကြိုးပမ်းခဲ့ကြပြီး မကြာမီအောင်မြင်တော့မည်ဟု ထပ်တလဲလဲပြောဆိုခဲ့ကြသည်။ တခြားသူများကတော့ မကောင်းတာတစ်ခုခု ဖြစ်တော့မည်ကို သတိပြုမိကြသည်။ ၂၀၁၅ ခုနှစ်တွင် ကြည်းတပ်စစ်ဆင်ရေးကောလိပ်၏ မဟာဗျူဟာလေ့ လာရေးအင်စတီကျုမှ ပါမောက္ခတစ်ဦးက “အတိတ်ကာလစစ်ပွဲများဆီမှ သင်ခန်းစာများလေ့လာရန် စစ်ဘက် ဆိုင်ရာပျက်ကွက်မှု” အကြောင်းကို စာအုပ်တစ်အုပ်ရေးသားခဲ့ပြီး ၎င်းစာအုပ်ကို “အာဖဂန်အမျိုးသားလုံခြုံရေး တပ်ဖွဲ့များ တောင့်မခံထားနိုင်သည့်အကြောင်း” ဟု အမည်ပေးခဲ့သည်။

 

“အာဖဂန်နစ္စတန်၏အနာဂတ်နှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပြောရလျှင် အမေရိကန်ပြည်ထောင်စုသည် ဗီ ယက်နမ်နှင့် အီရတ်တို့၌ မဟာဗျူဟာမြောက်အဆင့်တွင် နှစ်ကြိမ်တိုင်တိုင် စိတ်ဓာတ်ကျခဲ့ပြီးဖြစ်သည်။ အာဖ ဂန်နစ္စတန်တွင်ထွက်ပေါ်လာသည့်ရလဒ်များက မည်သည့်အတွက်ကြောင့် ကွဲပြားခြားနားခြင်းမရှိကြောင်း ကို လက်ခံနိုင်သော အကြောင်းပြချက်မရှိပါ။” ဟု ခရစ်မေဆွန်ကရေးသားခဲ့သည်။ “တဖြည်းဖြည်းယိုယွင်းပျက် စီး လာတာကတော့ ရှောင်လွှဲမရနိုင်ပါဘူး။ တိုင်းပြည်ကျဆုံးမှုကတော့ အချိန်နဲ့ပတ်သက်တဲ့ကိစ္စပါပဲ။” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

 

အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များအပါအဝင် အာဖဂန်တပ်မတော်မှ အချို့သောတပ်ဖွဲ့ဝင်များ ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်ခဲ့ခြင်းကို အပြည့်အဝမှတ်တမ်းတင်ထားရှိပါသည်။ သို့သော် အမေရိကန်ပြည်ထောင်စုနှင့် ၎င်းတို့၏ နေတိုးမဟာမိတ်တပ်ဖွဲ့ဝင်များက တည်ဆောက်ပေးခဲ့သော အာဖဂန်တပ်မတော်တစ်ရပ်လုံးအနေဖြင့်မူ အ လွယ်တကူပျက်စီးခဲ့သည့်အဖွဲ့အစည်းကြီးအဖြစ် သဘောသက်ရောက်ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဗဟိုဌာနမှ ဝါရင့်အာဖဂန်စစ်ပွဲဆန်းစစ်လေ့လာသူ အန်တိုနီကော်ဒက်စ်မန်းကပြောသည်။

အာဖဂန်တပ်ဖွဲ့များတည်ဆောက်ရေးမှာ အာဖဂန်တပ်ဖွဲ့ဝင်များ၏လစာငွေကအစ ပင်တဂွန်စစ်ဌာနချုပ်က ထောက်ပံ့နေရသည့် အမေရိကန်၏ပေးကမ်းချီးမြှင့်ငွေပေါ် လုံးလုံးလျားလျား မှီခိုနေကြရသည်။ ဤမျှများ ပြား လှသောငွေကြေးများနှင့် ဖော်မပြနိုင်လောက်အောင်များပြားလှသော စက်သုံးဆီများကို အဂတိလိုက် စားသော အရာရှိများနှင့် စာရင်းဇယားများလိမ်ညာပြုပြင်ထားကြသော အစိုးရကြီးကြပ်သူများက နှိုက်ယူသိုဝှက်သွားကြ သည့်အပြင် ထပ်မံရောက်ရှိလာမည့်ဒေါ်လာငွေများကို အလွဲသုံးစားလုပ်နိုင်ရန် ကျဆုံးစစ်သည်များ၏အမည်စာ ရင်းများကိုလည်း လိမ်ညာထားကြပါသည်။

 

အာဖဂန်တပ်မတော်တည်ထောင်ရန် အမေရိကန်အစိုးရက သုံးစွဲခဲ့သည့် ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၄၅ ဘီလျံအနက် ၈၃ ဘီလျံမှာ အာဖဂန်တပ်မတော်နှင့် ရဲတပ်ဖွဲ့ တည်ထောင်ရေးနှင့် ရေရှည်တောင့်ခံထားနိုင် ရေးလုပ်ငန်းစဉ်များတွင် သုံးစွဲကုန်ကျခဲ့သည်။ ဒေါ်လာ ၁၄၅ ဘီလျံမှာ ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် အ မေရိကန်တပ်များ အာဖဂန်စစ်ပွဲအတွင်းစတင်ဝင်ရောက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုကသုံးစွဲခဲ့သည့် ၈၃၇ ဘီ လျံအပြင် ထပ်မံကုန်ကျသောငွေကြေးဖြစ်ပါသည်။

 

နှစ်ပေါင်း ၂၀ အတွင်း အာဖဂန်တပ်မတော်အတွက် ရင်းနှီးမြှုပ်နှံခဲ့သည့် ဒေါ်လာ ၈၃ ဘီလျံမှာ လွန်ခဲ့သည့်နှစ် က အမေရိကန်မရိန်းတပ်ဖွဲ့အတွက် ချမှတ်ပေးသည့်ဘတ်ဂျတ်နှစ်ဆနီးပါးရှိပါသည်။ ယင်းပမာဏမှာ လွန်ခဲ့ သည့်နှစ်က အမေရိကန်ပြည်သူ သန်း ၄၀ ခန့် စားသုံးရန့်် ဖြည့်စွက် အစားအစာအစီအစဉ်အတွက် ဝါရှင်တန် ကချပေးသည့်ဘတ်ဂျက်ထက် အနည်းငယ်ပိုပါသေးသည်။

 

အမေရိကန်နည်းပြများသည် အာဖဂန်တပ်သားသစ်များကို အနောက်တိုင်းနည်းလမ်းများအတိုင်း ဖိအားပေးရန် ကြိုးစားခဲ့ကြပြီး အမေရိကန်အခွန်ထမ်းပြည်သူများ၏ဒေါ်လာငွေများအား ယုံကြည်စိတ်ချရလောက်သော တပ်မ တော်တစ်ရပ်အတွက် ရင်းနှီးမြှုပ်နှံနေသည်ဟု သာမန်ကာလျှံကာအတွေးကိုပေးခဲ့ကြောင်း အာဖဂန်နစ္စတန် သ တင်းစာဂျာနယ်လစ် ကရစ်ဝှိုက်က ၎င်း၏စာအုပ်တွင်ရေးသားခဲ့သည်။

 

“သို့သော် အမေရိကန်၏ စစ်ရေးမဟာဗျူဟာမှာ အာဖဂန်တပ်မတော်၏ဆောင်ရွက်ချက်အပေါ်တွင် မူတည်နေ သည့်အချက်ကိုထောက်ရှု၍ အာဖဂန်လူမျိုးတို့အနေဖြင့် ၎င်းတို့အစိုးရအတွက် အသက်စွန့်ရန် လိုလိုလားလား ဆန္ဒရှိ/မရှိဆိုသည့်မေးခွန်းကို ပင်တဂွန်စစ်ဌာနချုပ်သည် အံ့အားသင့်စရာကောင်းလောက်အောင် အလေးမ ထားခဲ့ခြင်းပင်ဖြစ်သည်။” ဟု ကရစ်ဝှိုက်က ရေးသားခဲ့ပါသည်။

 

မှတ်ချက် – AP သတင်းဌာနမှ ဆောင်းပါးရှင်များဖြစ်သော ဘရပ်ဆဲလ်မှ နိုမန်နှင့် ဖလော်ရီဒါပြည်နယ်၊ ဘိုကာ ရာတွန်မှဂျိမ်းစ်လာပေါ်တာတို့၏သတင်းဆောင်းပါး Billions spent on Afghan army ultimately benefitted Taliban ကို ဆီလျော်အောင်ပြန်ဆိုပါသည်။

 

#PeopleMedia #International

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 


 



 


 


 


 


 


 

#PeopleMedia #International


Share this post