• Follow Us on

Home ဧပြီလမတိုင်ခင် ဗဟိုဘဏ်အတိုးနှုန်းလျှော့ချပေးဖို့ ထိုင်းဝန်ကြီးချုပ် ဗဟိုဘဏ်ကို မေတ္တာရပ်ခံ

ဧပြီလမတိုင်ခင် ဗဟိုဘဏ်အတိုးနှုန်းလျှော့ချပေးဖို့ ထိုင်းဝန်ကြီးချုပ် ဗဟိုဘဏ်ကို မေတ္တာရပ်ခံ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁

 

ဗဟိုဘဏ်အတိုးနှုန်းလျှော့ချရေး ချင့်ချိန်စဉ်းစားဖို့ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပရေးအတွက် ထိုင်း ဗဟိုဘဏ် (BOT) ရဲ့ ငွေကြေးမူဝါဒကော်မတီ (MPC) ကို ထိုင်းဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်ထာ ထာဗီဆင်က တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၉ ရက်နေ့) က တိုက်တွန်းလိုက်ပါတယ်။

 

ထိုင်းစီးပွားရးကျဆင်းမှု ဆိုးရွားတဲ့အခြေအနေအထိ ကျရောက်သွားမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အစည်းအဝေးကို ထိုင်စောင့်နေမယ့်အစား အရေးအပေါ်အစည်းအဝေး ကျင်းပဖို့ ဝန်ကြီးချုပ်က အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

 

“အမျိုးသားစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စီးပွားရေး အစီရင်ခံစာက ထိုင်းစီးပွားရေး ဆိုးရွားတဲ့ အခြေအနေရောက်ရှိနေတယ်ဆိုတာကို ညွှန်ပြနေပါတယ်။” လို့ ဝန် ကြီးချုပ်ဆရက်ထာက တနင်္လာနေ့ညနေပိုင်းက X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

 

“အမျိုးသားစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးကလည်း ဗဟိုဘဏ်အ တိုးနှုန်းလျှော့ချဖို့ သဘောတူပါတယ်။ လာမယ့်အစည်းအဝေးမတိုင်ခင်မှာ အတိုးနှုန်းလျှော့ချဖို့အတွက် စဉ်းစား နိုင်ရေး အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပဖို့ ငွေကြေးမူဝါဒကော်မတီ MPC ကို ကျွန်တော် အနူးအညွတ် မေတ္တာရပ်ခံပါတယ်။” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

၂၀၂၃ ခုနှစ် တတိယလေးလပတ်မျာ GDP (စုစုပေါင်းပြည်တွင်းထုတ်ကုန်) ဟာ ၁.၇% သာ တိုးတက်ခဲ့တဲ့အ တွက် ရိုက်တာသတင်းဌာနက စစ်တမ်းကောက်ကြိုတင်မှန်းဆထားတဲ့ ၂.၅% ကို မမီခဲ့ကြောင်း NESDC က ထုတ်ပြန်ကြေညာပြီးနောက်မှာ ဝန်ကြီးချုပ်ဆရက်ထာက ၎င်းရဲ့ X လူမှုကွန်ရက်မှာ အခုလို တင်ခဲ့တာဖြစ်ပါ တယ်။

 

၂၀၂၂ ခုနှစ်မှာ GDP ၂.၅% တိုးတက်ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်လုံး GDP ၁.၉% သာ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

 

အမျိုးသားစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) ဟာ ၂၀၂၄ ခုနှစ် GDP အတွက် မူလက ခန့်မှန်းတွက်ချက်ထားတဲ့ ၃.၂% ကို ပြန်လည်ပြင်ဆင်ပြီး ၂.၇% အထိ လျှော့ချ တွက်ချက်ခဲ့ပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း GDP ၁.၉% ပဲရှိတာဟာ ထိုင်းနိုင်ငံရဲ့ GDP ပျှမ်းမျှတိုးတက်နှုန်း ၂% အောက်သာရှိတဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က လမ်းကြောင်းထဲမှာရောက်နေခြင်းဖြစ်ပြီး အဲဒီပမာဏဟာ အိမ်နီးချင်းနိုင်ငံ လေး ငါးနိုင်ငံရဲ့ နောက်မှာကျရောက်နေခြင်းဖြစ်ကြောင်း ဆရက်ထာက သတင်းထောက်တွေကို တနင်္လာနေ့အစော ပိုင်းက ပြောပါတယ်။

 

၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကို အစောဆုံး ဧပြီလ ၁ ရက်နေ့မှာ ပြဋ္ဌာန်းဖို့ ခန့်မှန်းထားတဲ့အတွက် လက် ရှိအစိုးရအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ အစိုးရအဖွဲ့ စတင်ဖွဲ့စည်းစဉ်ကတည်းက ဘယ်ဘတ်ဂျက်ကိုမှ အသုံးမပြုရ သေးကြောင်း ဆရက်ထာက ပြည်သူတွေကို ပြောပါတယ်။

 

ဖေဖော်ဝါရီလ ၇ ရက်နေ့က ဆယ်နှစ်အတွင်း မြင့်တက်နေတဲ့ ဗဟိုဘဏ်အတိုးနှုန်း ၂.၅% ကို ဆက်လက်ထိန်း ထားဖို့ ငွေကြေးမူဝါဒကော်မတီ (MPC) က မဲခွဲဆုံးဖြတ်ခဲ့ရာ ၅ မဲ ၂ မဲနဲ့ ဆက်ထိန်းထားမယ့်ဘက်က အနိုင်ရခဲ့ ပါတယ်။

 

ထိုင်းနိုင်ငံဟာ လေးလဆက်တိုက် အပျက်သဘောဆောင်တဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားနေရတဲ့အတွက် ဗဟိုဘဏ်အတိုးနှုန်းကို အခြေခံအမှတ် ၂၅ မှတ်ထက်မနည်း လျှော့ချရေး ချင့်ချိန်စဉ်းစားဖို့ အဲဒီ မဲခွဲဆုံးဖြတ် မယ့်အစည်းအဝေးမကျင်းပခင်မှာ ဝန်ကြီးချုပ်ဆရက်ထာက MPC ကို တောင်းဆိုခဲ့ပါတယ်။

 

ငွေကြေးမူဝါဒကော်မတီ (MPC) ဟာ အခုနှစ်အတွင်း ဖေဖော်ဝါရီ ၇ ရက်၊ ဧပြီ ၁၀ ရက်၊ ဇွန် ၁၂ ရက်၊ သြဂုတ် ၂၁ ရက်၊ အောက်တိုဘာ ၁၆ ရက်နဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွေမှာ ၆ ကြိမ် တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရေးဆွဲ ထားပါတယ်။

 

ဒါပေမဲ့ အရေးပေါ်စီးပွားရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနို်င်ဖို့အတွက် ချမှတ်ထားတဲ့ အစည်းအဝေးအစီ အစဉ်တွေအပြင် အထူးသီးသန့်အစည်းအဝေးကို အမျိုးသားစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) က ကျင်းပနိုင်တယ်လို့ ဆိုပါတယ်။

 

Ref: PM pleads with central bank to reduce policy rate before April

 

#PeopleMedia


Share this post