• Follow Us on

Home မြစ်ကြီးနား ကိုဗစ် ၁၉ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ညမထွက်ရ အမိန့် ချိုးဖောက်သူ တစ်ရာ့ခြောက်ဆယ်ကျော် ရှိနေ

မြစ်ကြီးနား ကိုဗစ် ၁၉ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ညမထွက်ရ အမိန့် ချိုးဖောက်သူ တစ်ရာ့ခြောက်ဆယ်ကျော် ရှိနေ

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ် ၁၉ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ညမထွက်ရ အမိန့် ချိုးဖောက်သူ ၁၆၀ ကျော်ရှိသည်။
ကိုဗစ် ၁၉ ကပ်ရာဂါ စတင်ဖြစ်ပွားသည့် အချိန်မှစပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည်မှာ ယခုအချိန်ထိ အပါဝင် ခုနှစ်ကြိမ်မြောက် ထုတ်ပြန်ထားပြီး ယင်းခုနှစ်ကြိမ် အတွင်း ညမထွက်ရ ချိုးဖောက်သူ ၁၆၀ ကျော်အထိ ရှိနေကြောင်း မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
“အရင်တုန်းကတော့ ညမထွက်ရအမိန့်ကို ည ၁ဝ နာရီမှ မနက်‌ ၄နာရီအထိ ထုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်း မှာ ည ၁၂ မှ မနက် ၄နာရီပြောင်းလဲ ထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင် ညမထွက်ရအမိန့် ထုတ်ပြန်တာ ခုနှစ်ကြိမ် အထိ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူ ၁၆၅ ဦး အထိ အရေးယူထားတယ် ပထမပိုင်းမှာ ဒဏ်ငွေ ငါးသောင်းနဲ့ တရားခံ ၂၂ဦးကို အရေးယူခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ညဘက်တွေ ထွက်လာသူများလို့ သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ ပြည်နယ်ကိုဗစ်ကော်မတီကို တင်ပြတဲ့အခါမှာ ပုဒ်မ ၁၈၈နဲ့ အရေးယူမယ်ဆိုရင် ထောင်ဒဏ် ခြောက်လအထိ အရေးယူ လို့ရပါတယ်။ သို့သော် လည်း ပြစ်မှုပြစ်ဒဏ် ညီမျှအောင်လို့ ထောင်ဒဏ် တစ်လစီသာ ချခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ အရေးယူထားတဲ့ အထဲမှာ ၂၂ ဦး ကိုတော့ ငွေဒဏ်နဲ့ ချမှတ်ခဲ့ပြီး။ ကျန်တဲ့ သူတွေကိုတော့ ထောင်ဒဏ် တစ်လ စီချမှတ်ခဲ့တယ် “ဟု ၎င်းက ပြောသည်။
ထို့အပြင် “ကိုဗစ်ကာလမှာ တချို့တွေ စီးပွားရေးအကြပ်တည်းတွေရင်ဆိုင်နေရတယ် ဒါကိုအကြောင်းပြုပြီးမှ မြို့နယ်ထဲမှာရှိတဲ့ ခိုးဆိုးနှိုက်လူငယ်တွေ အပြင်ကိုမထွက်ရလေအောင် တဖက်က တရား ဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ရှေ့ရှူတာဖြစ်တဲ့အတွက် တဖက်ကလဲ ကိုဗစ် ၁၉ ကူးစပ်မှု မရှိရအောင် ညအချိန်မတော်တွေမှာ လူစုလူဝေး မဖြစ်ရလေအောင် ညမထွက်ရ အမိန့် ထုတ်ရတာ ဖြစ်တယ်” ဟု ဦးသန်းဝင်းက ထည့်သွင်း ပြောဆိုသည်။
လက်ရှိ မြစ်ကြီးနားမြို့ပေါ်တွင် ညမထွက်ရ အမိန့် တည်တံ့ရေးတို့ အတွက် ရဲတပ်ဖွဲ့မှ အဖွဲ့ ၁၇ ဖွဲ့ ဖွဲ့စည်းကာ ညစဉ် ည ၆နာရီမှ နံနက် ၆ နာရီအထိ ပတ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် နာရေးကိစ္စ ဆောင်ရွက်သူများမှအပ မည်သူမဆို နေ့စဉ် ည ၁၂ နံနက် ၄ နာရီအတွင်း မြစ်ကြီးနား မြို့နယ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းများကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ မပြုလုပ်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်ထားသည်။
မင်းမင်း
#PeopleMedia #မြစ်ကြီးနား
(unicode)
………………………………….


Share this post