• Follow Us on

Home ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အပါအဝင် အစိုးရအဖွဲ့ဝင် (၇) ဦးနှင့် စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားရေးမှူးချုပ်တို့ကို အဂတိဖြင့် အရေးယူကြောင်း န-စ-က ထုတ်ပြန်

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အပါအဝင် အစိုးရအဖွဲ့ဝင် (၇) ဦးနှင့် စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားရေးမှူးချုပ်တို့ကို အဂတိဖြင့် အရေးယူကြောင်း န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၂၄ (People Media)

 

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ဝန်ကြီး(ဟောင်း)များဖြစ်ကြသော ဦးနေဝင်း၊ ဦးဇော်ဝင်း၊ ဦးဝေလင်း၊ ဦးဝင်းညွန့်တို့နှင့် ဆက်စပ်တာဝန်ရှိ ပုဂ္ဂိုလ်များအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးပေါ်ပေါက်ချက်များအရ ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၇ ဦးနှင့် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားရေးမှူးချုပ်တို့ကို အဂတိလိုက်စားမှုဖြင့် အရေးယူထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ပါတယ်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း)၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး(ဟောင်း) တို့သည် နိုင်ငံရေးရာထူး လက်ရှိ ဖြစ်ခဲ့စဉ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ မူလလျာထားချက်တွင် ပါရှိခြင်းမရှိသည့် မြစ်ကြီးနား-ဗန်းမော်လမ်း AC ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၂၃ မိုင် လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်း မရှိဘဲဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းများကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ပါတယ်။

 

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း)၊ ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး(ဟောင်း)၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး(ဟောင်း) တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက် တန်ချိန် ၁၀၀၀၀ အား လေလံစနစ်ဖြင့် ရောင်းချခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံး လုပ်နည်းနှင့်အညီ လိုက်နာမှုမရှိခြင်း၊ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန၏ ဒေသပေါက်ဈေး သတ်မှတ်မှု နှုန်းထက် လျော့ချခွဲဝေရောင်းချခဲ့ခြင်းကြောင့်  နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးစေခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ပါတယ်။

 

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်(ဟောင်း)၊ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း) တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင် ၂၀၁၈-၂၀၁၉ တွင် သုံးစွဲခွင့်မရှိသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေ ပိုလျှံရန်ပုံငွေအား သုံးစွဲခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေးများ ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ပါတယ်။

 

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း)၊ ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး(ဟောင်း) တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရပ်ကွက်အတွင်း ကတ္တရာ လမ်းသစ်ခင်းခြင်းနှင့် ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်း ၊ ကွန်ကရစ်တံတားတည်ဆောက်ခြင်း စသည့် လုပ်ငန်းများတွင် တင်ဒါ ခေါ်ယူခဲ့မှုမရှိခြင်းကြောင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အား ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ပါတယ်။

 

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး(ဟောင်း)၊ ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း)၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး(ဟောင်း)၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး(ဟောင်း) တို့သည် ဝန်ထမ်းများထံမှ တံစိုးလက်ဆောင်များရယူခြင်း၊ ဝန်ထမ်းများကို ဆုကြေးငွေ ခွဲဝေသောငွေများကို မိမိအတွက် ဝေစုများ ရယူခြင်း၊ ပါတီရုံးတည်ဆောက်ရန် လုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံခြင်းကြောင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မှ သတင်းထုတ်ပြန်ပါတယ်။

 

ကချင်ပြည်နယ်  လူမှုရေးဝန်ကြီး(ဟောင်း)၊ ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး(ဟောင်း)၊ ကချင်ပြည် နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ တရားဝင်သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစား ပြင်ဆင်စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူသုံး စွဲခဲ့၍ နိုင်ငံတော်၏ ငွေကြေးများ ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် မှ သတင်းထုတ်ပြန်ပါတယ်။

 

စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးပေါ်ပေါက်ချက်များအရ ဝန်ကြီးချုပ် (ဟောင်း) ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီး(ဟောင်း)များ ဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်း တို့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်အပေါ် ယင်းဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မ ရဲစခန်းတွင် ၂၃-၈-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ပါတယ်။

 

#PeopleMedia #ACC #ကချင်ပြည်နယ်အစိုးရအဖွဲ့

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 


 



Share this post