• Follow Us on

Home မြန်မာတပ်မတော် အာဏာသိမ်းအစိုးရအပေါ်ဖိအားပေးရန် အနောက်နိုင်ငံများရှေ့တိုး

မြန်မာတပ်မတော် အာဏာသိမ်းအစိုးရအပေါ်ဖိအားပေးရန် အနောက်နိုင်ငံများရှေ့တိုး

Share this post

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၃(PeopleMedia )

မြန်မာတပ်မတော် အာဏာသိမ်းမှုနှင့်ဆက်စပ်၍ မြန်မာဗိုလ်ချုပ်ကြီး ၂ ယောက်ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန်စဉ်းစားနေကြောင်း ဥရောပသမဂ္ဂ(အီးယူ)ကပြောသည်။
သီတင်းပတ်များစွာ ဆန္ဒထုတ်ဖော်မှုများကို ပြင်းထန်စွာဖြိုခွင်းမှုကိုရှောင်ရန် အာဏာသိမ်းစစ်အစိုးရကိုဖိအားပေးရေး အနောက်နိုင်ငံများကကြိုးစားနေချိန်တွင် ယခုလုပ်ရပ်များရှိလာခြင်းဖြစ်သည်။
တနိုင်ငံလုံးမှစီးပွားရေးလုပ်ငန်းများရပ်ဆိုင်းပြီး ထိပ်တိုက်ရင်ဆိုင်ပါက လူများသေဆုံးနိုင်သည်ဟု အာဏာပိုင်များကသတိပေးထားသော်လည်း လူအမြောက်အမြားစုဝေးခဲ့သည့် အထွေထွေသပိတ်မှောက်ပြီးနောက်တရက်တွင် ထိခိုက်နေသည့်နိုင်ငံစီးပွားရေးပြန်အသက်၀င်လာစေရန် အားစိုက်သင့်ကြောင်း အာဏာသိမ်းစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိုက်တွန်းသည်ဟု အစိုးရမီဒီယာတွင်ဖော်ပြသည်။
အာဏာသိမ်းစစ်အစိုးရ၏ခြိမ်းခြောက်မှုရှိသော်လည်း တနင်္လာနေ့ကဆန္ဒထုတ်ဖော်ခဲ့သည့် သန်းချီသောလူအရေအတွက်သည် ရင်သပ်ရှုမောဖွယ်ဖြစ်ကြောင်း ကုလသဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ တွမ် အန်ဒရူးကပြောသည်။
“စစ်ဗိုလ်ချုပ်တွေက ခြိမ်းခြောက်နိုင်တဲ့စွမ်းအားပျောက်ဆုံးလာတာနဲ့အတူ သူတို့အာဏာကိုလည်း ပျောက်ဆုံးနေပါတယ်။ သူတို့နောက်ဆုတ်ဖို့နဲ့ မြန်မာနိုင်ငံသားတွေရှေ့တိုးကြဖို့ အချိန်တွေကျော်ဖြတ်နေပါတယ်။”ဟု အန်ဒရူးက တွစ်တာတွင်ပြောသည်။
ညဘက်တွင် အီးယူအစိုးရများက ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုကိုပြောင်းပြန်လှန်ရန်လုပ်နေသူများနှင့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရန် ထောက်ခံကြောင်းပြသခဲ့သည်။
“ရပ်ကြည့်ဖို့ပြင်ဆင်နေတာ မဟုတ်ပါဘူး။”ဟု ဂျာမနီနိုင်ငံခြားရေး၀န်ကြီး ဟိုင်ကို မားစ်က ဘရပ်ဆဲလ်မြို့တွင်ပြောပြီး သံခင်းတမန်ခင်းလုပ်ရပ်များမအောင်မြင်ပါက ပိတ်ဆို့အရေးယူမှုများပြုလုပ်မည်ဟုလည်း ဖြည့်စွက်ပြောဆိုသည်။
စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကိုပစ်မှတ်ထားသောပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် ဥရောပသမဂ္ဂက စဉ်းစားနေသော်လည်း ဆင်းရဲသောလုပ်သားများကိုအထိနာမှုမဖြစ်စေရန် ကုန်သွယ်ရေးအထူးအခွင့်အရေးများပေးထားခြင်းကို ဖျက်သိမ်းခြင်းမရှိချေ။
လုံခြုံရေးတပ်ဖွဲ့၀င်များ၏ဖမ်းဆီးမှုများလည်း ပိုမိုမြင့်တက်နေပြီး စနေနေ့က မန္တလေးမြို့တွင် သေနတ်ဖြင့်အပစ်ခံရသဖြင့် သေဆုံးသူ ၂ ယောက်နှင့် အစောပိုင်းကမြို့တော်နေပြည်တော်တွင်ပစ်ခံရမှုကြောင့် သောကြာနေ့တွင်သေဆုံးခဲ့သည့်အမျိုးသမီးတယောက်အပါအ၀င် သေဆုံးသူ ၃ ယောက်ရှိနေသည်။
ဆန္ဒပြမှုများတွင်ရခဲ့သည့်ဒဏ်ရာများဖြင့် ရဲသားတယောက်သေဆုံးခဲ့သည်ဟု စစ်တပ်ကပြောထားပြီး ဆန္ဒပြသူများသည် အကြမ်းဖက်မှုများလှုံ့ဆော်နေသည်ဟုလည်း စွပ်စွဲသည်။
စုစုပေါင်းဆန္ဒပြသူ ၆၈၄ ယောက်ကို ရဲက ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ချမှတ်ခြင်းများရှိနေသည်ဟု အခွင့်အရေးအဖွဲ့တဖွဲ့ကပြောသည်။
Ref : Western countries step up pressure on Myanmar junta as protesters defy warnings
#PeopleMedia


Share this post