• Follow Us on

Home ပြည်သူတို့၏ အခွင့်အာဏာကို ပြည်သူတို့ထံပြန်လည်အပ်နှံနိုင်ရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် တာဝန်ဆက်လက်ထမ်းဆောင်မယ်လို့ NLD ပါတီထုတ်ပြန်

ပြည်သူတို့၏ အခွင့်အာဏာကို ပြည်သူတို့ထံပြန်လည်အပ်နှံနိုင်ရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် တာဝန်ဆက်လက်ထမ်းဆောင်မယ်လို့ NLD ပါတီထုတ်ပြန်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၈ (People Media)

 

NLD ပါတီသည် ပြည်သူတို့၏ အခွင့်အာဏာကို ပြည်သူတို့ထံ ပြန်လည်အပ်နှံနိုင်ရေးနှင့် စစ်အာဏာရှင်စနစ် အောက်မှ အပြီးတိုင် လွတ်မြောက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ပြည်သူလူထုနှင့်အတူ တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း NLD ပါတီ ဗဟို အလုပ်ကော်မတီမှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

NLD ပါတီသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပမည့် တတိယ အကြိမ် လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန်အတွက် ဆောင်ရွက်နေစဉ် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာကို ဥပဒေမဲ့လုယူခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် မဲစာရင်းမှားယွင်းမှုရှိသည်ဟု ယူဆပါက ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများပါ လုပ်ထုံးလုပ်နည်းများတိုင်း ကန့်ကွက်လွှာ တင်သွင်း၍ ဥပဒေနှင့်အညီ တရားမျှတ မှုရရှိအောင် ဆောင်ရွက်နိုင်သော်လည်း စစ်ခေါင်းဆောင်တစ်စုသည် ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံ ဆန္ဒပြုခဲ့ကြသည်ကို လျစ်လျူရှုကာ တည်ဆဲဥပဒေကို ချိုးဖောက်ပြီး အကြမ်းဖက် စစ်အာဏာသိမ်းမှုကြီးကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့နောက် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့ချုပ်ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ အဆင့်ဆင့်သော အဖွဲ့ချုပ်ပါတီဝင်များ၊ အဖွဲ့ချုပ်ကို အစဉ်တစိုက် အားပေးဝန်းရံကူညီခဲ့ကြသူများနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ စစ်အာဏာရှင်စနစ်ကို မလိုလားသော ရဟန်း ရှင်လူကျောင်းသားပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများနှင့် NLD ရုံးများ၊ ပါတီဝင်များ၏ နေအိမ်များ၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ယနေ့တိုင် ထိပါး နှောင့်ယှက်ကျူးလွန်လျက်ရှိကြောင်း NLD ပါတီ ထုတ်ပြန်သည်။

 

ဒီမိုကရေစီ၏ အနှစ်သာရကို ကောင်းစွာသိရှိနားလည်ပြီး၊ ဒီမိုကရေစီကို ချစ်မြတ်နိုးကြသော ပြည်သူလူထုတစ် ရပ်လုံးသည် စစ်အာဏာသိမ်းမှုအား နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်နေကြသည်ကို NLD ပါတီ အနေဖြင့် ကောင်းစွာသိရှိပြီး အထူးလေးစားအားထားကြောင်း NLD ပါတီမှ ထုတ်ပြန်လိုက်သည်။

 

#PeopleMedia #NLD

 

(unicode)


………………………………………………………

 


 


 


 


 


 


 

#PeopleMedia #NLD


Share this post