မူဆယ်မြို့၌ အမျိုးသမီးအား ကားဝယ်မည်ဟုဆိုကာ အဓမ္မကျင့်၊ သတ်ဖြတ်ခဲ့သည့် အမျိုးသား ၄ ဦး ဖမ်းဆီးရမိ
PUBLISHED - March 15, 2022
တောင်ကြီး၊ မတ် ၁၅
မတ်လ ၁၂ ရက်နေ့၊ ည ၈ နာရီခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ သုဿန်အနီး၌ ကားအရောင်း အဝယ်ပြုလုပ်သော အမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသား ၄ ဦးကို ဖမ်း ဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ ကားအရောင်းအဝယ်ပြုလုပ်သည့် အမျိုးသမီးသည် ၎င်းထံမှ ကားကို ဝယ်မည်ဟု ပြောဆိုသော အမျိုးသားများ ချိန်းဆိုသည့်နေရာသို့ သွားရောက်ခဲ့ပြီးနောက် အဆိုပါ အမျိုးသားများက အမျိုးသမီးကို ဖမ်းဆီးပြီး အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။
ထို့နောက် အမျိုးသမီး၏ အလောင်းကို မူဆယ်မြို့၊ ခရစ်ယာန်သုဿန်၌ စွန့်ပစ်ခဲ့သည်။
“စွမ်စော် ၃ လမ်းမှာ သူတို့ကိုမိသွားပြီ။ အမျိုးသား ၄ ယောက်။ သေနတ်၊ ဖုန်းတွေလည်း မိတယ်” လို့ မူဆယ်မြို့ ဒေသခံတစ်ဦးမှ ပြောသည်။
ထိုအမျိုးသမီး၏ မျက်နှာကို ကြိုးဖြင့်ချည်ပြီး မျက်နှာ၊ နှာခေါင်းနှင့် ပါးစပ်တို့တွင် တိတ်ဖြင့်ပိတ်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုကျူးလွန်သည့် အမျိုးသား ၄ ဦးကို မတ်လ ၁၄ ရက်နေ့၌ မူဆယ်မြို့၊ စွမ်စော် ၃ လမ်းရှိ နေအိမ်တွင် ဖမ်းဆီးရမိပြီး ၎င်းတို့ ၄ ဦးကို မူဆယ်မြို့မရဲစခန်း၌ ဖမ်းဆီးထားသည်။
#PeopleMedia
(unicode)
…………………………………..
#PeopleMedia