• Follow Us on



Share this post

 
 
 
 
 
 
 
(unicode)
ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ဖိုးရှိ နည်းပညာအကူအညီများ၊ ကျန်းမာ ရေး ဆေး ဘက်ဆိုင်ရာ စက်ပစ္စည်းအထောက်အပံ့များ၊ အရေးပေါ်ဘဏ္ဍာရေးအတွက် ယန်းငွေ ဘီလီယံ ၃၀နှင့် ယန်းချေးငွေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကူညီထောက်ပံ့
…………………………………………………
 
ရန်ကုန်၊ စက်တင်ဘာ – ၂
 
ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ဖိုးရှိ နည်းပညာအကူအညီများ၊ Avigan ဆေးပြားများ၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းအထောက်အပံ့များနှင့် အရေးပေါ်ဘဏ္ဍာ ရေးအထောက်အပံ့အဖြစ် ယန်းငွေ ဘီလီယံ ၃၀၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် အထောက်အပံ့အဖြစ် ယန်းငွေ ၁၅ ဘီလီယံရှိသော ယန်းချေးငွေဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ ကူညီထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI Toshimitsu မှ ပြောသည်။
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI သည် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးတွင် ဩဂုတ် ၂၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် တွေ့ဆုံဆွေးနွေး စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါဆွေးနွေးမှုတွင် ကာလရှည်နေထိုင်ခွင့်ရရှိသူ ဂျပန်နှင့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံအတွင်းရောက်ရှိပြီး ၁၄ ရက်ကြာ home quarantine နေထိုင်စေပြီးနောက်ပိုင်း နေထိုင်သွားလာမှုကို ခွင့်ပြုပေးမည့် resident track ကို စက်တင်ဘာလဆန်းပိုင်းတွင်ပင် စတင်လုပ်ဆောင်သွားကြရန် နှင့် ၁၄ ရက်ကြာ home quarantine နေထိုင်ဆဲ ကာလ အတွင်းမှာပင် မဖြစ်မနေသွားလာလိုသည့် နေရာများကို အကန့်အသတ်ဖြင့် သွားလာနိုင်သည့်ပုံစံမျိုးဖြင့် စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများကို လုပ်ဆောင်ခွင့်ပေးမည့် business track နှင့်ပတ်သက်၍ လည်း အမြန်ဆုံးစတင် ဖွင့်လှစ်ပေးနိုင်ရန်အတွက် သံတမန်လမ်းကြောင်းဆိုင်ရာညှိနှိုင်းမှုများကို အရှိန်မြှင့် လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြသည်။
 
ထို့အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI က ဂျပန်အစိုးရထံမှပညာသင်ဆု ရရှိထားသော မြန်မာနိုင်ငံသား ပညာတော်သင်ကျောင်းသားများကို မကြာခင်ကာလအတွင်း ဂျပန်နိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်ပြုတော့မည့် အကြောင်းကိုလည်း ပြောကြားခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ရှိကြောင်းကို ပြန်လည်ပြောကြားခဲ့ပါသည်။
 
အလားတူ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ဝန်ကြီး Mr. MOTEGI က ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. SASAKAWA Yohei ဦးဆောင်သော ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ကို စေလွှတ်ခြင်းအပြင် တစ်ကြိမ်ထက်ပို၍ မဲပေးခြင်းမှကာကွယ်နိုင်ရန်အတွက် အလွယ်တကူ ဖျက်ပစ် ၍မရသည့် မင်ရည်များ ပေးအပ်သွားရန်ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ခြင်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင်ရှိ ကြောင်းနှင့် ဒီမိုကရေစီနည်းလမ်းကျသော ရွေးကောက်ပွဲအဖြစ် အောင်အောင်မြင်မြင် ကျင်းပသွားရန် ရည်မှန်းထားကြောင်းကို ပြန်လည်ပြောကြားခဲ့ပါသည်။
 
#PeopleMedia #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး

Share this post