• Follow Us on

Home ပုပ္ပါးတောင်ဒေသကို ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်အဖြစ် အမည်စာရင်းအဆိုမပြုမီ အမျိုးသားအဆင့်ဘူမိဥယျာဉ် အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သယံဇာတပတ်ဝန်းကျင်ဝန်ကြီးပြောဆို

ပုပ္ပါးတောင်ဒေသကို ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်အဖြစ် အမည်စာရင်းအဆိုမပြုမီ အမျိုးသားအဆင့်ဘူမိဥယျာဉ် အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သယံဇာတပတ်ဝန်းကျင်ဝန်ကြီးပြောဆို

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ပုပ္ပါးတောင်ဒေသကို ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်အဖြစ် အမည်စာရင်းအဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောဆိုခဲ့သည်။

 

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ ပထမအကြိမ်အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောဆိုခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက UNESCO သည် ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အစီအစဉ်ကို ၂၀၀၁ တွင်စတင်ခဲ့ပြီး၊ လက်ရှိ နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၁၆၉ ခု ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရန် အလားအလာကောင်းများ ပိုင်ဆိုင်သည့်နေရာ အများအပြားရှိသည့် အနက် ပုပ္ပါးတောင်ဒေသသည် အလားအလာ အကောင်းဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်အဖြစ် အမည်စာရင်းအဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပုပ္ပါးတောင်ဒေသ အမျိုးသားအဆင့် ဘူမိဥယျာဉ်ကို ဘူမိနယ်မြေ (Geosite) (၁၅) နေရာဖြင့် အဆိုပြုသွားမည်ဖြစ်ပြီး ယင်းနေရာများတွင် မီးတောင်ကျောက်မျိုးများ၊ ချော်ကျောက်များ၊ အင်ကြင်း ကျောက်မျိုးများ၊ ကျောရိုးရှိသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ဇီဝမျိုးစုံမျိုးကွဲများစွာကို တွေ့ရှိလေ့လာ နိုင်မည့်အပြင် ဒေသခံများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

 

အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဖော်ထုတ်ဆောင်ရွက်နိုင်မည်ဆိုပါက ဘူမိခရီးသွားလာရေး Geotourism လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေပြီး အဆိုပါဒေသများအား တန်ဖိုးထား ကာကွယ်ထားမှုကို လာရောက်သည့် ခရီး သွားဧည့်သည့်များအား ပြသနိုင်မည့်အပြင် နောင်လာနောက်သားများအတွက်လည်း အတုယူစရာဖြစ်လာစေ မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘူမိဥယျာဉ်သည် ကျယ်ပြန့်သောနယ်မြေတစ်ခုကိုလွှမ်းခြုံပြီး ထိန်းသိမ်းကာကွယ်မှု၊ သိမြင်နိုးကြားမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စသည့် ဒေါက်တိုင်(၃)ခုအပေါ် အခြေခံနေသည့်အတွက် သက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသနဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

#PeopleMedia #ပုပ္ပားတောင်

 

(unicode)


………………………………………………………………

 


 


 


 


 


 

#PeopleMedia #ပုပ်ပားတောငျ


Share this post