• Follow Us on

Home ဖိလစ်ပိုင်ရေတပ် Mistral 3 မြေပြင်-ဝေဟင်ပစ်ဒုံးကျည်များ လက်ခံရရှိ

ဖိလစ်ပိုင်ရေတပ် Mistral 3 မြေပြင်-ဝေဟင်ပစ်ဒုံးကျည်များ လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၂ (People Media)

 

ဖိလစ်ပိုင်ရေတပ်သည် အောက်တိုဘာလ ၈ ရက် (သောကြာ) နေ့တွင် ပထမဦးဆုံးအကြိမ်အဖြစ် Mistral 3 မြေပြင်-ဝေဟင်ပစ်ဒုံးကျည်များကိုလက်ခံရရှိခဲ့သည်။

 

ပြင်သစ်နိုင်ငံအခြေစိုက်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော MBDA ကုမ္ပဏီက ပေးပို့လိုက်သည့် လက် နက်စနစ်သစ်ကို ဖိလစ်ပိုင်ရေတပ်ရှိ BRP Jose Rizal (FF-150) စစ်သင်္ဘောနှင့် BRP Antonio Luna (FF-151) စစ်သင်္ဘောများတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ဖိလစ်ပိုင်နိုင်ငံ၏ စစ်လက်နက်ပစ္စည်းများကို အဆင့်မြှင့်ရန်နှင့် ပင်လယ်ပြင်ပိုင်နက်ကို ပိုမိုကာကွယ်နိုင်ရန် ခေတ်မီအဆင့်မြှင့်တင်ရေးအစီအစဉ်အရ ဖိလစ်ပိုင်ရေတပ်အနေဖြင့် စစ်လက်နက်ပစ္စည်းအသစ်များဆက် လက်ရရှိဦးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးရာမွန်ဇာဂလာကပြောသည်။

 

အသစ်ဝယ်ယူလိုက်သော Mistral 3 မြေပြင်-ဝေဟင်ပစ်ဒုံးကျည်များမှာ တွက်ခြေကိုက်ပြီး ရန်သူ့ကျူးကျော် တိုက်ခိုက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ကြောင်း ၎င်းကပြောသည်။

 

ဒုံးကျည်ဝယ်ယူရေးအတွက် စုစုပေါင်း ဖိလစ်ပိုင်ပီဆိုငွေ သန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၁၂.၃ သန်း) ကုန်ကျ မည်ဖြစ်ပြီး MBDA ကုမ္ပဏီနှင့် စေ့စပ်ညှိနှိုင်းထားသောသဘောတူညီချက်အရ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အာရှ ပစိဖိတ်ကာကွယ်ရေးဂျာနယ်တွင် ဖော်ပြထားသည်။

 

Mistral 3 မြေပြင်-ဝေဟင်ပစ်ဒုံးကျည်သည် တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ဖြစ်ပြီး စစ်ဘက် ယာဉ်များ၊ ရဟတ်ယာဉ်များနှင့် စစ်သင်္ဘောများတွင် တပ်ဆင်အသုံးပြုနိုင်သည်။ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၄၀ ဝန်းကျင်တွင် အဆိုပါဒုံးကျည်များကို အသုံးပြုနေကြောင်းသိရသည်။

 

Mistral 3 မြေပြင်-ဝေဟင်ပစ်ဒုံးကျည်ကို ဖိလစ်ပိုင်ရေတပ်၏ ခေတ်အမီဆုံး ဖရီးဂိတ်သင်္ဘောများတွင် တပ်ဆင် အသုံးပြုသွားရန် စီစဉ်ထားကြောင်း ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် ဘန်ဂျိုနက်ဂရန်ဇာကပြောသည်။ ယင်းလက်နက် သစ်သည် ဖိလစ်ပိုင်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးလက်နက်ကို စွမ်းရည်မြှင့်တင်ပေးသည့် လက်နက် အမျိုးအစားဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

 

“ဒီဒုံးကျည်အသစ်တွေရောက်ရှိလာတာဟာ ကျွန်တော်တို့ရဲ့ JRC (Jose Rizal-Class) ဖရီးဂိတ်စစ်သင်္ဘောတွေ ပင်လယ်ပြင်စစ်ဆင်ရေးပြုလုပ်ရာမှာ စွမ်းရည်မြှင့်တင်ပေးလိုက်တာပါပဲ။” ဟု ၎င်းကပြောသည်။

 

လုံခြုံရေးအကြောင်းပြချက်ဖြင့် ဝယ်ယူခဲ့သည့် ဒုံးကျည်များကို ထုတ်ဖော်ပြသခြင်းမပြုခဲ့သော်လည်း ဖိလစ်ပိုင် ရေတပ်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် နောက်ထပ် ဒုံးကျည်နည်းပညာအသစ်များထပ်မံရောက်ရှိလာရန် မျှော်လင့် ထားကြောင်း ပြောဆိုခဲ့သည်။

 

“ဒါဟာ ကစားကွက်အပြောင်းအလဲတစ်ခုပါ။ ဒီဒုံးကျည်တွေဆိုတာ ဖရီးဂိတ်စစ်သင်္ဘောတွေက ရရှိထားတဲ့ အ စိတ်အပိုင်းတစ်ခုပါ။ လာမယ့်နှစ် မတ်လအတွင်းမှာ မြေပြင်-မြေပြင်ပစ် ဒုံးကျည်အသစ်တွေထပ်မံရောက်ရှိလာ ဦးမယ်လို့ မျှော်လင့်ထားပါတယ်။” ဟု ရေတပ်ဗိုလ်ချုပ်ကြီး အေဒီလူးဝစ်ဘော်ဒါဒိုက သတင်းထောက်များကို ပြောသည်။

 

Ref: Philippine Navy Receives Mistral 3 Surface-to-Air Missiles

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: Philippine Navy Receives Mistral 3 Surface-to-Air Missiles

 

#PeopleMedia


Share this post