• Follow Us on

Home မိုးညှင်းမြို့တွင် KIO/KIA ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရန် ငြိမ်း၊ စု၊ စီ တင်ထား

မိုးညှင်းမြို့တွင် KIO/KIA ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရန် ငြိမ်း၊ စု၊ စီ တင်ထား

Share this post

မိုးညှင်း၊ ဇန်နဝါရီလ ၂၄ (People Media)
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကေအိုင်အေ၊ ကေအိုင်အိုကို ဆန့်ကျင် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပရန်အတွက် သက်ဆိုင်ရာသို့ ငြိမ်း၊ စု၊ စီ တင်ထားပြီ ဖြစ်ကြောင်း ယင်းဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင် မည့်သူထံမှ သိရသည်။
သျှမ်းတိုင်းရင်းသားအပေါ် မတရား ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက် သက်ဖြတ်မှုနှင့် ဆက်ကြေး တောင်းခံမှုများ ရပ်ဆိုင်းစေရေးအတွက် ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်စီစဉ်သူ မိုးကောင်းမြို့နေထိုင်သူ ဦးခင်မောင်အေး က EPN ကို ပြောသည်။
“ကေအိုင်အေ၊ ကေအိုင်အို က တို့ သျှမ်းမျိုးနွယ်စုတွေကို ဆက်ကြေးတောင်းတယ်၊ လူသတ်တယ်၊ အဓမ္မ ပြုကျင့်တယ်၊ မတရားဖမ်းဆီးပြီး စစ်သားစုဆောင်းတယ်၊ လူပြန်ပေးဆွဲတယ်၊ ဒီလုပ်ရပ်တွေကို မကျေနပ် တာကြောင့် အခုလို ဆန္ဒပြပွဲပြုလုပ်ဖို့ ဖြစ်လာခဲ့တာပါ။ နောက်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်လ ၆ ရက်နေ့က ကျောင်းသား ၂ယောက်ကို ဖမ်းတဲ့အချိန်ကလည်း အဲ့ဒီလိုတွေ မလုပ်ဖို့ ဆက်ကြေးတောင်းတာတွေ မလုပ်ပါနဲ့ ဆိုပြီးပြောထားတယ်၊ ဒါပေမဲ့သူတို့က ဆက်လုပ်ခဲ့တယ် ဒါကြောင့်လဲ အခုလို ဆန္ဒပြပွဲလုပ်ဖို့ ဖြစ်လာတာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်မည့်ကိစ္စကို မိုးညှင်းမြို့နယ် မြို့မရဲစခန်းသို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ အရ ခွင့်ပြုပေးရန် တင်ပြထားပြီး ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲတွင် KIO/KIA ၏ လက်နက်အားကို သတ်ဖြတ်မှုများ၊ မတရား ဆက်ကြေးတောင်း၊ လူဖမ်းငွေညှစ် ဖြစ်စဉ်များ၊ ဒို့တာဝန် အရေး(၃)ပါးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားမှုများ၊ ဖမ်းဆီးခံ သျှမ်းမျိုးနွယ်စု များအား အကြောင်းအရာများ၊ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဟောပြောခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ မိုးညှင်းမြို့နယ် အရှေ့စု ရပ်ကွက်ရှိ ရွှေသာလျောင်းဇာတ်ရုံမှတဆင့် မိုးညှင်းမြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်သွားမည် ဟုလည်း သိရသည်။
ထို့အပြင် ယင်းဆန္ဒဖော်ထုတ်မည့် နေ့တွင် မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ S.E.A ကလည်း ကေအိုင်အေ၊ ကေအိုင်အို၏ သတ်ဖြတ်ခြင်းခံရသူများအတွက် ရည်စူး၍ ဆွမ်းကပ်အမျှဝေခြင်းကိုလည်း နံနက် ၉ နာရီမှ၊ ၁၁ နာရီအထိ အရှေ့စုရပ်ကွက် အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်သွားမည်ဟုလည်း S.E.A အဖွဲ့က သိရသည်။
သတင်း – မိုးညို
ဓါတ်ပုံ – မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A)
#PeopleMedia #မိုးညှင်း #KIA #KIO #SEA
(unicode)
………………………………………….


Share this post