• Follow Us on

Home အီရန်နိုင်ငံ၌ ဖမ်းဆီးခံထားရသည့် ကိုရီးယားရေနံတင်သင်္ဘောအမှုနှင့် ပတ်သက်ပြီး မြန်မာသင်္ဘောသား ၁၁ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာသံရုံးများနှင့် ညှိနှိုင်းဆောင်ရွက်နေ

အီရန်နိုင်ငံ၌ ဖမ်းဆီးခံထားရသည့် ကိုရီးယားရေနံတင်သင်္ဘောအမှုနှင့် ပတ်သက်ပြီး မြန်မာသင်္ဘောသား ၁၁ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာသံရုံးများနှင့် ညှိနှိုင်းဆောင်ရွက်နေ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အီရန်နိုင်ငံ၌ ဖမ်းဆီးခံထားရသည့် ကိုရီးယားရေနံတင်သင်္ဘောအမှုနှင့်ပတ်သက်ပြီး မြန်မာသင်္ဘောသား ၁၁ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာသံရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့အခြေစိုက် DM Shipping Co., Ltd သင်္ဘောကုမ္ပဏီပိုင် Hankuk Chemi ရေနံတင်သင်္ဘောအား ရေကြောင်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် ရေနံဓာတုထုတ်ကုန်များ သယ်ဆောင်လာမှုဖြင့် အီရန်လက်နက်ကိုင်တော်လှန်ရေး အစောင့် တပ်များမှ အီရန်ဟော်မုဇ်ရေလက်ကြားတွင် ဖမ်းဆီးခဲ့ရာတွင် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့် ကိုရီးယား သမ္မတနိုင်ငံမှ သင်္ဘောသားများအပါအဝင် ထိန်းသိမ်းခံထားရကြောင်း ဆိုးလ်မြို့မှတစ်ဆင့် စုံစမ်းစိစစ်တွေ့ရှိ ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် ဘန်ကောက်မြို့နှင့် နယူးဒေလီမြို့ရှိ မြန်မာသံရုံးများအနေဖြင့် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံအခြေစိုက် အီရန်သံရုံးသို့ ဆက်သွယ်၍ အဆိုပါမြန်မာသင်္ဘောသားများ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းပေးရန်နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့မှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံဘက်သို့ စုံစမ်းစိစစ်ခဲ့မှုအရ ကိုရီးယားသမ္မတနိုင်ငံ အစိုးရအနေဖြင့် မြန်မာသင်္ဘောသားများအပါအဝင် ထိန်းသိမ်းခံသင်္ဘောသား ၂၀ ဦး အမြန်ဆုံး ပြန်လည်လွတ် မြောက်နိုင်ရေး သံတမန်နည်းလမ်းမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့အားလုံးသည် ကျန်းမာရေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အကျိုးကာကွယ်စောင့်ရှောက်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိသည့်အလျောက် ထိန်းသိမ်းခံ မြန်မာသင်္ဘောသား ၁၁ ဦးအတွက် လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရေးနှင့် ပြန်လည်လွတ်မြောက်ရေးအတွက် ဘန်ကောက်မြို့နှင့် နယူးဒေလီမြို့ရှိ သက်ဆိုင်ရာ မြန်မာသံရုံးများမှတစ်ဆင့် အီရန်သံရုံးများသို့လည်းကောင်း၊ မြန်မာနိုင်ငံအခြေစိုက်သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများမှတစ်ဆင့်လည်ကောင်း ဆက်သွယ်ညှိနှိုင်းလျက် ထိရောက်စွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Photo – Credit

#PeopleMedia #နိုင်ငံခြားရေး

(unicode)
……………………………………………………….






Photo – Credit



Share this post