• Follow Us on

Home နေပြည်တော် မြို့တော်ဝန်ဟောင်း၊ ဒုတိယမြို့တော်ဝန်ဟောင်းနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မ တီအဖွဲ့ဝင် စုစုပေါင်း ၄ ဦးကို အဂတိမှုဖြင့် အရေးယူ

နေပြည်တော် မြို့တော်ဝန်ဟောင်း၊ ဒုတိယမြို့တော်ဝန်ဟောင်းနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မ တီအဖွဲ့ဝင် စုစုပေါင်း ၄ ဦးကို အဂတိမှုဖြင့် အရေးယူ

Share this post

နေပြည်တော်၊ သြဂုတ် ၁၉ (People Media)

 

ယခင်အစိုးရလက်ထက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာ မျိုးအောင်နှင့် ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် (ဟောင်း) ဦးမင်းသူနှင့် ဒေါ်စံပယ်ထွေးတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်သည်။

 

ယခင်အစိုးရလက်ထက်က နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက် တာမျိုးအောင်နှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ပေါ်ပေါက်ချက်များအရ တရားစွဲဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

 

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က ပုဂ္ဂိုလ်တစ်ဦးအား နေပြည်တော်၊ ဒက္ခိဏသီရိမြို့၊ ဒက္ခိဏသီရိရပ်ကွက်အတွင်းရှိ စီးပွားရေးဇုန်ဧရိယာတွင် မြေဧက (၂၀) ကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်မညီဘဲ နေရာချထားပေးခဲ့ခြင်း၊ ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ရှိ အထူးမြေကွက်အမှတ် (ဥ-၁၀၀၂)၊ မြေဧရိယာ (၂.၀၇) ဧကပေါ်တွင် ၎င်းနေထိုင်ရန်အတွက် တစ်ထပ်တိုက် နေအိမ်တစ်လုံးကို ယခင်နှစ် ဈေးနှုန်းဖြစ်သည့် တန်ဖိုးငွေ ကျပ်သိန်း ၁၃၅၀ ဖြင့် လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ဆိုကာ ပထမအရစ် ငွေကျပ် သိန်း ၂၇၀ ကိုသာပေး၍ အိမ်ဆောက်လုပ် စေခဲ့ခြင်း၊ အိမ်ဆောက်လုပ်ပြီးစီး၍ နေထိုင်နေပြီးဖြစ်သော်လည်းပေးရန် ကျန်ငွေ ကျပ်သိန်း ၁၀၈၀ ကို ပေး အပ်ခဲ့မှုမရှိခြင်းကြောင့် အာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ပါဝင်သည်။

 

ယင်းအပြင် ဒေါက်တာမျိုးအောင်သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ပြည်သူ့အငှား အိမ်ယာ စီမံကိန်း (Myanmar Developer Association) ကို တည်ထောင်ပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအိမ်ရာ တည်ဆောက်ရာ၌ ဆောက်လုပ်ခွင့်လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသူအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ နီလာ(၁)လမ်းရှိနေအိမ်တွင် လက်ခံတွေ့ဆုံကာ လာဘ်ငွေအဖြစ်ပေးအပ်သော ငွေ ကျပ်သိန်း ၁၁၀ ကို လက်ခံရယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးသို့ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ထောက်ပံ့ရန်သုံးစွဲခဲ့သည့် အတွက် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

 

ထိုအပြင် ၎င်းသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သော အသုံးစရိတ်အတွက် နေပြည်တော်ကောင်စီဝင်(ဟောင်း) များထံမှ စုစုပေါင်း ငွေကျပ် သိန်း ၃၀ ကို တံစိုးလက်ဆောင်အဖြစ် ငွေကြေးတောင်းခံရယူပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ရှိ အထူးမြေကွက် (၁၆) ကွက် ဖော်ထုတ်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၄-၅-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ၁၂၆(၁)/၈/သမ္မတရုံးဖြင့် ထုတ်ပြန်ထားသော နိုင်ငံတော်ပိုင်မြေ ရောင်းချရငွေများကို နိုင်ငံတော်သို့ ပေးအပ်ရန်ဟူသော ညွှန်ကြားချက်နှင့် နိုင်ငံတော် သမ္မတရုံး၏ ၁၀-၄-၂၀၁၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) တို့ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ ခြင်းကြောင့် နိုင်ငံတော်ပိုင်ငွေကြေး စုစုပေါင်းငွေကျပ်  ၁၉၃၃ သန်းကျော်ကို ဆုံးရှုံးစေခဲ့သည့်အတွက် အဂတိလိုက်စားမှုဖြင့် အရေးယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် (၂) (ဟောင်း) ဦးမင်းသူနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် (၃) (ဟောင်း) ဒေါ်စံပယ်ထွေးတို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ရှိ အထူး မြေကွက် (၁၆) ကွက် ဖော်ထုတ်ရာတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက် ပေးရန်မလိုသည့် ကိုယ်ပိုင်မြေကွက်များတွင် မြေကြီး Level ညှိခြင်းလုပ်ငန်းများ၊ မြေကွက်ပြင်ဆင်ခြင်းများ အား ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာ ငွေကျပ် ၁၄၈ သန်းကျော် နစ်နာ ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာ မျိုးအောင်နှင့် ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦးတို့သည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိ ရပ်ကွက်အတွင်းရှိ စီးပွားရေးဇုန်ဧရိယာအတွင်း၌ မြေကွက် (၄၄) ကွက်၊ စုစုပေါင်းမြေဧရိယာ ၇၄.၇၆ ဧကအား ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ကုမ္ပဏီ/ လူပုဂ္ဂိုလ် ၁၉ ဦးတို့ထံ တစ်ဧကလျှင် ငွေကျပ်သိန်း ၅၀၀ နှုန်းဖြင့် မြေနေရာချထားရာတွင် နေပြည်တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်အား ဖောက်ဖျက် လျက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူခြင်းမရှိဘဲ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးများဖြင့်သာ ဆုံးဖြတ်၍ ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ် သိန်း ၁၄၉၅၂၀ ခန့် ဆုံးရှုံးနစ်နာခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါက်တာ မျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူနှင့် ဒေါ်စံပယ်ထွေးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ၁၈-၈-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန် ထားသည်။

 

#PeopleMedia #ACC

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 


 

#PeopleMedia #ACC


Share this post