• Follow Us on

Home ရေစကြိုမြို့နယ်၌ သေနတ်ဖြင့် လုပ်ကြံခံရသည့်လူနာသည် ဆေးကုသရန် မုံရွာရှိ စစ်ဆေးရုံသို့အသွား ချောင်း ဦးမြို့နယ်အတွင်း၌ ထပ်မံလုပ်ကြံခံရ၍ သေဆုံး

ရေစကြိုမြို့နယ်၌ သေနတ်ဖြင့် လုပ်ကြံခံရသည့်လူနာသည် ဆေးကုသရန် မုံရွာရှိ စစ်ဆေးရုံသို့အသွား ချောင်း ဦးမြို့နယ်အတွင်း၌ ထပ်မံလုပ်ကြံခံရ၍ သေဆုံး

Share this post

မုံရွာ၊ ဒီဇင်ဘာ ၄ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် ၁ ထင်းတန်းရပ်ကွက် နေထိုင်သူ ဦးမာတာသည် သေနတ်ဖြင့် သုံးချက် လုပ်ကြံခံခဲ့ရပြီးနောက် ဆေးဝါးကုသရန် ရေစကြိုမြို့နယ်မှ မုံရွာရှိ စစ်ဆေးရုံသို့အသွား စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မန်ကျည်းခွကျေးရွာအုပ်စု၊ မင်းခေါင်ကျေးရွာအနီး၌ ထပ်မံ၍ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ သေဆုံးသူ ဦးမာတာ အသက် ၆၈ နှစ်သည် မကွေးတိုင်း၊ ပခုက္ကူခရိုင် ရေစကြို၊ အမှတ် ၁ ထင်းတန်း ရပ်မှာ နေထိုင်သူဖြစ်ပြီး၊ အမှတ် ၄ ရပ်ကွက်မှာ စစ်မှုထမ်းဟောင်းရုံးမှ အိမ်သို့အပြန် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရ ခြင်း ဖြစ်ပါတယ်။

 

အဆိုပါဖြစ်စဉ်အပေါ် People Media မှ သေဆုံးသူ ဦးမာတာ၏ ဆွေမျိုးတော်စပ်သူတစ်ဦးကို ဆက်သွယ်မေး မြန်းရာ “မနက်က ၆ နာရီခွဲလောက်မှာ ဦးမာတာက စစ်မှုထမ်းဟောင်းရုံးကနေ အိမ်ကိုပြန်အလာ လမ်းမှာ သေနတ်နဲ့ ၃ ချက်ပစ်ခံရတယ်။ ညာဘက်နံကြားမှာ ကျည်ဆံဖောက်ဝင်သွားတယ်။ အဲ့ဒါကြောင့် ရေစကြိုကနေ မုံရွာ နမခ စစ်ဆေးရုံကိုသွားဖို့ ထွက်အလာ မနက် ၉ နာရီခွဲလောက်မှာ ချောင်းဦးနယ်ထဲရောက်တော့ လူနာ တင်ကားကို တားပြီး လူနာဦးမာတာကို နောက်တစ်ကြိမ်ထပ်ပြီး သေနတ်နဲ့ နဖူးပစ်သွားတာ” လို့ ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ People Media မှ ထပ်မံ၍ လူမှုကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးကို ဆက် သွယ်မေးမြန်းရာ “မင်းခေါင်ရွာနားရောက်တော့ လူ ၂၀ လောက်က လမ်းပေါ်တက်ရပ်ပြီး ကားကိုတားတယ်။ လူနာတင်ကားပေါ်က လူနာအပါအဝင် လူ ၆ ယောက်လိုက်ပါလာတယ်။ လူနာကလွဲပြီး ကျန် လူ ၅ ယောက်ကို ကားပေါ်ကဆင်းခိုင်းတယ်။ အဲ့ဒီအချိန်မှာ ကားကိုတားတဲ့ လူအုပ်ထဲက တစ်ယောက်က ကားပေါ်တက်သွား တယ်။ ပြီးတော့ ကားပေါ်က သေနတ်သံကြားရတယ်။ လူနာရဲ့ နဖူးအလည်တည့်တည့် ပစ်ခံရလို့ လူနာက ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာနဲ့ အသက်ကုန်သွားတာ” လို့ ပြောပါတယ်။

 

အလားတူ ဇူလိုင်လအတွင်းက ရေစကြိုမြို့နယ်ရှိ လူမှုကူညီရေး ပရဟိတသမား စေတနာ့ဝန်ထမ်း ၃ ဦးသည် လူနာပို့ပြီး အပြန် မြောင်မြို့နယ်အတွင်း၌ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

 

သွန်းသွန်း(PeopleMedia)

 

#PeopleMedia #နမခ #ရေစကြို

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 



Share this post