• Follow Us on

Home နိုင်ငံပြင်ပ ကမ္ဘာ့အကြီးဆုံးစစ်ဆေးရုံကြီး ဂျာမနီနိုင်ငံတွင် အမေရိကန်တည်ဆောက်မည်

နိုင်ငံပြင်ပ ကမ္ဘာ့အကြီးဆုံးစစ်ဆေးရုံကြီး ဂျာမနီနိုင်ငံတွင် အမေရိကန်တည်ဆောက်မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅ (People Media)

 

ဂျာမနီနိုင်ငံ Rhine Ordnance Barracks တွင် အမေရိကန်နိုင်ငံပြင်ပ ကမ္ဘာ့အကြီးဆုံးစစ်ဆေးရုံကြီးတည်  ဆောက်ရန် အမေရိကန်ပြည်ထောင်စုက ကန်ထရိုက်စာချုပ်လက်မှတ်ရေးထိုးလိုက်သည်။

 

အဆိုပါစစ်ဆေးရုံကြီးဆောက်လုပ်ရန်အတွက် အမေရိကန်ကြည်းတပ် ဥရောပဌာနခွဲအင်ဂျင်နီယာတပ်ဖွဲ့နှှင့် အမေရိကန်တပ်မတော်ကျန်းမာရေးဌာနနှင့်အတူ ဂျာမန်ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဥရောပငွေ ၈၅၉ သန်း (အမေရိကန်ဒေါ်လာ ၉၆၉ သန်း) တန်ကြေးရှိ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းကို Züblin ကုမ္ပဏီနှင့်  Gilbane ကုမ္ပဏီတို့ ပူးပေါင်းထားသည့် ဆောက်လုပ်ရေးကုမ္ပဏီကြီးသို့ အပ်နှံလိုက်သည်။

 

စာချုပ်အရ စတုရန်းပေ ၉၈၅,၀၀၀ ရှိ ခေတ်မီစစ်ဆေးရုံကြီးကိုတည်ဆောက်ပေးရမည်ဖြစ်ပြီး အဆိုပါဆေးရုံကြီး တွင် ခုတင် ၆၈ ခုတင်ဆံ့ပြီး ထပ်ဆောင်းခုတင် ၂၅ ခုတင်ပါဝင်သည့် ခွဲစိတ်ခန်း ၉ ခန်းပါရှိသည့်အပြင် စမ်းသပ် ခန်း ၁၂၀ ပါဝင်မည်ဖြစ်သည်။ စစ်ဆေးရုံသစ်ကြီးကို ၂၀၂၇ ခုနှစ်တွင် အပြီးဆောက်လုပ်မည်ဖြစ်သည်။

 

အဆိုပါစစ်ဆေးရုံသစ်ကြီး ဒီဇိုင်းရေးဆွဲရေးနှင့် ဆောက်လုပ်ရေးစီမံခန့်ခွဲမှုအတွက် ဂျာမန်အစိုးရကလည်း ဥရော ပငွေ ၁၅၁ သန်း (ဒေါ်လာ သန်း ၁၈၀ ကျော်) ထည့်ဝင်သွားမည်ဖြစ်သည်။

 

“ကျွန်တော်တို့ရဲ့ တပ်မတော်သားတွေနဲ့ တပ်မတော်သားမိသားစုဝင်တွေအတွက် ခေတ်မီဆေးဝါးကုသရေး တွေထောက်ပံ့ပေးအပ်နိုင်ဖို့ အလွန်အရေးပါတဲ့သမိုင်းမှတ်တိုင်တစ်ခုအောင်မြင်စွာစိုက်ထူနိုင်ဖို့အတွက် ကျွန် တော်တို့အဖွဲ့ရဲ့ ပံ့ပိုးကူညီမှုကို ဖော်မပြနိုင်လောက်အောင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။” ဟု ဥရောပဌာနခွဲ အင်ဂျင်နီယာတပ်ဖွဲအကြီးအကဲ ဗိုလ်မှူးကြီးပက်ထရစ်ဒါဂွန်၏စကားကို ကိုးကား၍ အစိုးရထုတ်ပြန်ကြေညာ ချက်တွင်ဖော်ပြထားသည်။

 

စစ်ဆေးရုံသစ်ကြီးသည် ၁၉၅၃ ခုနှစ်က တည်ဆောက်ခဲ့သော နိုင်ငံပြင်ပ ကမ္ဘာ့အကြီးဆုံးဆေးရုံကြီးဖြစ်သည့် လန်းစတယ်သ်ဒေသကျန်းမာရေးဌာန (Landstuhl Regional Medical Center) နှင့် အမှတ် ၈၆ ကျန်းမာရေး ဆေးရုံ (86th Medical Group Clinic) တို့ကို အစားထိုးသွားမည်ဖြစ်သည်။

 

စစ်အေးတိုက်ပွဲခေတ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့သော လန်းစတယ်သ်ဒေသကျန်းမာရေးဌာန (Landstuhl Regional Medical Center) သည် အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲနှင့် အခြားစစ်ပွဲများတွင် ဒဏ်ရာရ လာသည့် စစ်သည်များကို ဆေးဝါးကုသပေးရာတွင် အဓိကအခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးရုံ ဖြစ်သည်။ အမှတ် ၈၆ ကျန်းမာရေးဆေးရုံ (86th Medical Group Clinic) သည်လည်း လန်းစတယ်သ်ဒေသ ကျန်းမာရေးဌာနနှင့် ၇ မိုင်ခန့်ဝေးသော ယခုစစ်ဆေးရုံသစ်ကြီးနေရာသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။

 

အဆိုပါစစ်ဆေးရုံသစ်ကြီးတွင် ဥရောပဒေသတွင်တာဝန်ထမ်းဆောင်နေသော အမေရိကန်စစ်သည်များ၊ ကာ ကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကာကွယ်ရေး ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသော အရပ်သား များကို ဆေးဝါးကုသပေးသွားမည်ဖြစ်ပြီး လူနာပေါင်း ၂၀၀,၀၀၀ ကျော်ဆေးဝါးကုသပေးသွားနိုင်သည်ဟု သိ ရသည်။ အဆိုပါစစ်ဆေးရုံသစ်ကြီးတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆေးရုံတင်ကုသပေးခြင်း၊ အထူးကုဆရာဝန်များဖြင့် အထူးကြပ်မတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်သည်။

 

စစ်ဆေးရုံသစ်ကြီးဆောက်လုပ်ရေးမှာ ထပ်မံတိုးချဲ့ထားခြင်းဖြစ်ပြီး မူလက ဆေးရုံသစ်ကြီးဆောက်လုပ်မှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ရန်လျာထားပြီး ၂၀၂၄ ခုနှစ်တွင် အသုံးပြုနိုင်ရန် ရည်ရွယ် ထားကြောင်း ၂၀၁၈ ခုနှစ်တွင် ဥရောပဌာနခွဲအင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိများက ပြောသည်။

 

စစ်ဆေးရုံသစ်ဆောက်လုပ်ရေးစီမံကိန်းမှာ ကုမ္ပဏီများသို့ ကန်ထရိုက်လုပ်ငန်းများမအပ်နှံမီ နည်းပညာပြဿ နာများအပါအဝင် ပြဿနာအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရသည်။

 

“ဒီစီမံကိန်းလုပ်ငန်းကြီးဟာ မျှော်မှန်းထားတာထက် ပိုကြာသွားတာကို ကျွန်တော်တို့ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ဆေးဝါးကုသနိုင်ဖို့အတွက် ထောက်ပံ့ပေးမယ့် ခေတ်မီ ကမ္ဘာ့အဆင့်စစ်ဆေးရုံသစ်ကြီးတည်ဆောက်ရာမှာ နောက်ထပ်တစ်ဆင့်လှမ်းတက်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ဒီစစ်ဆေးရုံသစ်ကြီးဟာ ကျွန်တော်တို့ တပ်မတော်သားတွေ မိသား စုဝင်တွေနဲ့ ထိုက်တန်တဲ့ဆေးရုံသစ်ကြီးဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ သူတို့အတွက် ဆေးဝါးကုသပေးသွား မယ့်ဆေးရုံသစ်ကြီးပါ။” ဟု အမေရိကန်ကြည်းတပ်ဥရောပဌာနခွဲအင်ဂျင်နီယာတပ်ဖွဲ့မှ စီမံကိန်းအရာရှိ ကက် သရင်းဘင်းဟမ်း၏ပြောစကားကို ကိုးကား၍ Stars and Stripes အမေရိကန်စစ်သတင်းစာကဖော်ပြသည်။

 

ဂျာမနီနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်တပ်ဖွဲ့ဝင်များကို ဂျပန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးလက်ခံထား သောနိုင်ငံဖြစ်သည်။ ၂၀၂၁ ခုနှစ်က တွက်ချက်ထားသောစာရင်းဇယားများအရ ဂျာမနီနိုင်ငံတွင် အမေရိကန် စစ်သည်အင်အား ၃၃,၉၀၀ ရှိကြောင်းသိရသည်။

 

Ref: US to Build Largest Overseas Military Hospital in Germany

 

#PeopleMedia


……………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: US to Build Largest Overseas Military Hospital in Germany

 

#PeopleMedia


Share this post