• Follow Us on

Home နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ပိုင်ဆိုင်သော IC Hotel ကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ယာယီ သိမ်းဆည်း

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ပိုင်ဆိုင်သော IC Hotel ကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ယာယီ သိမ်းဆည်း

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ ဗဟိုလမ်းနှင့် မာလာမြိုင်(၇) လမ်းထောင့်၊ အမှတ်(၉၈)ရှိ UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ပိုင်ဆိုင်သည့် International City Hotel ကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း ရေးအဖွဲ့မှ ယာယီသိမ်းဆည်းထားလိုက်ပြီဖြစ်ပါတယ်။
ဦးကျော်မြင့်ရဲ့ ပိုင်ဆိုင်မှုများကို သက်ဆိုင်ရာက စစ်ဆေးပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုမှ လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ ဗဟိုလမ်းနှင့် မာလာမြိုင် (၇) လမ်းထောင့်၊ အမှတ်(၉၈)ရှိ UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ပိုင် ဆိုင်သည့် International City Hotel ကို ယာယီပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။
ဦးကျော်မြင့် ပိုင်ဆိုင်သည့် IC ဟိုတယ်နဲ့ပက်သက်ပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ “ငွေကြေး ဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စိစစ်ရေးအဖွဲ့မှ ယာယီသိမ်းဆည်းထားသည်၊ ဝင်ရောက်ကျူးကျော်၊ ပြောင်းလဲ၊ လွှဲပြောင်းဖျောက်ဖျက်ပါက ဥပဒေအရအရေးယူခြင်းခံရမည်” ဟူသော စသည့်အချက်များဖြင့် ရေးသားပါရှိတဲ့ ဗီနိုင်းအနီနဲ့ ဟိုတယ်မျက်နှာစာမှာ ချိတ်ဆွဲထားပါတယ်။
လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ ဗဟိုလမ်းနှင့် မာလာမြိုင်(၇) လမ်းထောင့်၊ အမှတ်(၉၈) ရှိ မြေနှင့် အဆောက်အ ဦးကို ၂၀၁၅ ခုနှစ် ဇူလှိုင်လ ၁၅ ရက်နေ့မှာ ငွေကျပ် သိန်းတစ်သောင်းတစ်ထောင်ကျော်နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး မြေနေရာ အမည်ပေါက်ကိုလည်း ဦးကျော်မြင့်နဲ့ ပြောင်းလဲထားပြီးဖြစ်ပါတယ်။
အဆိုပါနေရာကို ရောင်းချသူအနေဖြင့် အခွန်ထမ်းဆောင်ရခြင်းမရှိသေးကြောင်းလည်း သိရပါတယ်။
နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ ဦးကျော်မြင့်အမှုနှင့်ပက်သက်၍ ခြုံငုံသုံးသပ်ချက်ကို မီဒီယာများအား ပြောကြားရာမှာတော့ ဦးကျော်မြင့်ရဲ့ပစ္စည်း ငွေကြေးပိုင်ဆိုင်မှုများဟာ တရုတ်နိုင်ငံမှ ကုန် ပစ္စည်းများအား မြန်မာနိုင်ငံအတွင်းကို တင်သွင်းရောင်းဝယ်ခြင်းက ရရှိတဲ့ ငွေကြေးများဖြစ်တယ်လို့ ထွက်ဆိုပေမယ့် တရားဝင်အထောက်အထားတစ်စုံတရာ စိစစ်တွေ့ရှိရခြင်းမရှိခြင်း၊ လုပ်ငန်းများကို တရားဝင်လျှောက်ထားဆောင်ရွက်ခဲ့ခြင်းမရှိတဲ့အပြင် အကောက်အခွန်ပေးဆောင်ခဲ့သည့် မှတ်တမ်း အထောက်အထား တစ်စုံတစ်ရာ မရှိခြင်း၊ တရုတ်နိုင်ငံဘက်ရှိ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများထဲမှ တစ်ဆင့် ငွေကျပ် ၁၆ဒသမ ၃၁၅ ဘီလီယံကို တရားမဝင်လွှဲပြောင်းရခဲ့ခြင်းများ တွေ့ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိ ဦးကျော်မြင့်မှာ မန္တလေးအကျဉ်းထောင်တွင် ဖမ်းဆီးထားပြီး တရားရင်ဆိုင်နေလျက်ရှိပါတယ်။
တရားမဝင် ငွေလွှဲမှုများနဲ့ပက်သက်ပြီး ၂၀၁၄ ခုနှစ် ငွေကြေးခဝါတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ အရ ထောင် (၁၀)နှစ် ပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရက်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
(unicode)
……………………………………………………..

Share this post