• Follow Us on

Home ၂၀၂၁ ခုနှစ်၌ ထပ်မံဖွဲ့စည်းမည့် NLD အစိုးရကို USDP ပါတီ အသိအမှတ်မပြု၊ ပြည်သူလူထုနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုရန် အရေးကြီးကြောင်း မုံရွာဦးအောင်ရှင်ပြောဆို

၂၀၂၁ ခုနှစ်၌ ထပ်မံဖွဲ့စည်းမည့် NLD အစိုးရကို USDP ပါတီ အသိအမှတ်မပြု၊ ပြည်သူလူထုနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုရန် အရေးကြီးကြောင်း မုံရွာဦးအောင်ရှင်ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
၂၀၂၁ ခုနှစ်၌ ထပ်မံဖွဲ့စည်းမည့် NLD အစိုးရကို USDP ပါတီက အသိအမှတ်မပြုကြောင်း USDP ပါတီ ဒု-ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်သည်။
 
ထိုကဲ့သို့ USDP ၏ ပြောဆိုချက်အပေါ် ၂၀၂၁ ခုနှစ်၌ အသစ်ဖွဲ့စည်းမည့် NLD အစိုးရကို ပြည်သူလူထုနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုရန်အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာဦးအောင်ရှင်ကပြောသည်။
 
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သံလွင်လမ်း၌ USDP ရုံးတွင်ကျင်းပပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်များတွင် မဲမသမာမှုများ ထောင်၊ သောင်းချီဖြစ်ပေါ်နေမှုများနှင့်ပတ်သက်၍ USDP ပါတီအပါအဝင် နိုင်ငံရေးပါတီများမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
 
အဆိုပါရှင်းလင်းပွဲတွင် USDP ပါတီက ၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုဖြစ်စဉ်များကို UEC မှ မဖြေရှင်းပေး လျှင် ၂၀၂၁ ခုနှစ်တွင် တာဝန်ယူမည့် NLD အစိုးရကို အသိအမှတ်မပြုကြောင်း USDP ပါတီ ဒု-ဥက္ကဋ္ဌ ဦးခင်ရီ က ပြောဆိုခဲ့သည်။
 
ထိုကဲ့သို့ USDP ပါတီ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး People Media က မုံရွာအောင်ရှင်ထံ ဆက်သွယ်မေးမြန်း ရာ “ပြည်သူလူထုက အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုဖို့အရေးကြီးပါတယ်။ UEC ရဲ့ ဥပဒေပိုင်းဆိုင်ရာ အသိအမှတ်ပြုထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒါကို ကျွန်တော့်အနေနဲ့ ပြန်ပြီး မတုံ့ပြန်ချင်ပါဘူး” လို့ ၎င်းက ပြောသည်။
 
ထို့အပြင် တပ်မတော်၏ထုတ်ပြန်ချက်တွေနှင့်ပတ်သက်ပြီး UEC အနေနှင့် ပြန်လည်ဖြေရှင်းပေးရန် လိုအပ် မှုရှိ၊မရှိနှင့်ပတ်သက်ပြီး မေးမြန်းရာ မုံရွာဦးအောင်ရှင်က “တပ်မတော်က ထုတ်ပြန်ချက်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ပေါ့လေ၊ UEC ကတော့ သူ့ရဲ့ ပုံမှန်ထုတ်ပြန်ချက်အရတော့ ထုတ်ပြန်ပြီးပြီ။ အကြောင်းပြချက်တွေ တော် တော်များများစုံစုံလင်လင် ထုတ်ပြန်ပြီးသားဖြစ်တဲ့အခါကျတော့ တပ်မတော်က ကြေညာချက်တွေထုတ်တိုင်း သူတို့ကပြန်ပြီးတော့ ထုတ်ပြန်မယ်မဟုတ်ဘူးလို့တော့ ကျွန်တော်ထင်တယ်။ ထုတ်ပြန်သင့်၊ ထုတ်ပြန်ထိုက်တဲ့ အခြေအနေမှာ ထုတ်ပြန်ခဲ့ပြီးပြီလို့ပဲ ပြောချင်ပါတယ်” ဟုဆိုသည်။
 
ဆက်လက်ပြီး ရွေးကောက်ပွဲအပြီး တပ်မတော်နှင့် ပါတီအချို့၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ၎င်းမှ ရွေးကောက်ပွဲလည်း ပြီးမြောက်သွားပြီဖြစ်ပြီး ပြည်သူလူထု၏ သဘောထားဆန္ဒကို အားလုံးသိပြီးသား ဖြစ်သည့်အတွက် NLD အနေနှင့် ရှေ့ဆက်သွားစရာရှိသည့် လျှောက်စရာရှိသည့်လမ်းကို ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
 
လက်ရှိအချိန်၌ တပ်မတော်သည် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်းပြီး ၈ ကြိမ်မြောက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
 
#PeopleMedia #ဦးခင်ရီ #NLD
 
(unicode)
……………………………………………………
 
 
 
 
 
 
 
 
 
 

Share this post