• Follow Us on

Home နေတိုးအတွင်းရေးမှူးချုပ်က ဝါရှင်တန်စာချုပ်အပိုဒ် ၅ အရ ရုရှားကို နေတိုးနိုင်ငံများက တိုက်ခိုက်လာမည်ကို သတိပေး

နေတိုးအတွင်းရေးမှူးချုပ်က ဝါရှင်တန်စာချုပ်အပိုဒ် ၅ အရ ရုရှားကို နေတိုးနိုင်ငံများက တိုက်ခိုက်လာမည်ကို သတိပေး

Share this post

 

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းကိုတိုက်ခိုက်နေရာမှ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တခြားဥရောပနိုင်ငံတွေကို တိုက် ခိုက်လာမယ်ဆိုရင် တခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေက ရုရှားနိုင်ငံကို ဝိုင်းဝန်းတိုက်ခိုက်လာမှာဖြစ်တယ်လို့ နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်းဆော့တန်းဘာ့ဂျ်က ရုရှားနိုင်ငံကို သတိပေးလိုက်ပါတယ်။

 

“နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးအတွက် ဝါရှင်တန်စာချုပ် အပိုဒ် ၅ အရ လုံခြုံရေးအာမခံချက်ပေးထားပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်လာတယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်ခိုက်တယ်လို့ သဘော ထားမှတ်ယူသွားမှာဖြစ်ပါတယ်။” လို့ ဆော့တန်းဘာ့ဂျ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ မှာပြောပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်လာရင်လည်း အထက်ပါစာချုပ်အပိုဒ် ၅ နဲ့ အကျုံး ဝင်ကြောင်း ၎င်းကပြောပါတယ်။ နေတိုးအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်လျက်ရှိပြီး ယူကရိန်းနိုင်ငံကိုလည်း ထောက်ပံံ့လျက်ရှိကြောင်း ၎င်းကပြောပါတယ်။ ယူကရိန်းနိုင်ငံဟာ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခံနေရတာတင်မကဘဲ ရုရှားနိုင်ငံရဲ့ ဆိုက်ဘာတိုက်ခိုက်မှု ကိုလည်း ခံနေရပါတယ်။

 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ယူကရိန်းအစိုးရဌာနလေးငါးခုရဲ့ ဝက်ဆိုက်တွေနဲ့ ယူ ကရိန်းဘဏ်တွေရဲ့ ဝက်ဆိုက်တွေ သုံးစွဲလို့မရဖြစ်ခဲ့ပါတယ်။

 

ယူကရိန်းအဖွဲ့အစည်းအတော်များများရဲ့ ကွန်ပျူ တာတွေထဲက သတင်းအချက်အလက်တွေကိုလည်း ဝိုင်ပါတိုက်ခိုက်မှုတွေနဲ့အတူ ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။

 

၁၉၄၉ ခုနှစ် စတင်ဖွဲ့စည်းစဉ်ကာလတုန်းက နေတိုးအဖွဲ့ရဲ့ရည်ရွယ်ချက်တွေထဲက ရည်ရွယ်ချက်တစ်ခုကတော့ ဆိုဗီယက်ပြည်ထောင်စုက အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ခြိမ်းခြောက်လာတဲ့အခါ အပြန်အလှန်အထောက်အကူပြုဖို့ အတွက် သဘောတူညီချက်တစ်ရပ် ရေးဆွဲထားတာပဲဖြစ်ပါတယ်။

 

အဲဒီသဘောတူစာချုပ်ထဲက အပိုဒ် ၅ အရ နေတိုးအဖွဲ့ဝင်တစ်နိုင်ငံ တိုက်ခိုက်ခံရတဲ့အခါမှာ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးစုစည်းပြီး ကျူးကျော်တိုက်ခိုက်တဲ့ နိုင်ငံကို အားလုံးဝိုင်းတိုက်ခိုက်ကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ ရုရှားနိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ရိုက်တိုက်ခိုက်လာမှသာ အဲဒီအပိုဒ် ၅ ကို မှီငြမ်း ကိုးကားပြီးတိုက်ခိုက်ရမှာဖြစ်ပါတယ်။

 

ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် နေတိုးအဖွဲ့အ နေနဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်လို့မရပါဘူး။ ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်လျှောက်ထားခဲ့ပေမဲ့ လည်း အခုထက်ထိ လက်မခံသေးပါဘူး။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ထဲဝင်ဖို့ ကြိုးပမ်းတာကို ပြင်း ပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ နေတိုးအဖွဲ့က နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စစ်အင်အားတွေကို အရှေ့ဥရောပမှာရှိတဲ့ နေတိုး အဖွဲ့ဝင်နိုင်ငံတွေဆီကို တိုးချဲ့စေလွှတ်ပြီး တပ်ဖြန့်ချထားဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ က ခေါင်းဆောင်တွေက ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

 

Ref: NATO Secretary General Warns Russia of ‘Article 5’ Counter Attack

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: NATO Secretary General Warns Russia of ‘Article 5’ Counter Attack

 

#PeopleMedia


Share this post