• Follow Us on

Home ဂါဇာဒေသမှာ အရပ်သားအသေအပျောက်များလွန်းကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

ဂါဇာဒေသမှာ အရပ်သားအသေအပျောက်များလွန်းကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ မတ် ၂၈

 

ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲမှာ အရပ်သားအသေအပျောက်နှုန်း အလွန်များပြားနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်က အစ္စရေးကာကွယ်ရေးဝန်ကြီး ယူအက်ဂါလန့်ကို အင်္ဂါနေ့ (မတ်လ ၂၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဂါဇာဒေသတောင်ပိုင်းက ရာဖာမြို့ကို တိုက်ခိုက်မယ့် ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုအစီအစဉ်နဲ့ပတ်သက် ပြီး အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆွေးနွေးဖို့အတွက် အစ္စရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကလည်း ဝါရှင်တန် ကိုသွားရောက်ဖို့ စီစဉ်ထားပါတယ်။

 

တောင်ပိုင်းက ရာဖာမြို့ဟာ ဂါဇာဒေသက ပါလက်စတိုင်းတွေ အများအပြား ခိုလှုံနေတဲ့ မြို့လည်းဖြစ်ပါတယ်။

 

ဒါပေမဲ့ ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တနင်္လာနေ့က မဲခွဲဆုံးဖြတ်ရာမှာ အမေရိကန်ပြည်ထောင်စုက မဲမပေးဘဲ ခွင့်ပြုလိုက်တဲ့အတွက် အစ္စရေးကိုယ် စားလှယ်အဖွဲ့က ၎င်းတို့ရဲ့ ဝါရှင်တန်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပါတယ်။

 

“ဒီကနေ့ ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားအသေအပျောက်နှုန်းဟာ အရမ်းကို မြင့်မားနေပြီး လူသားချင်းစာ နာမှုအကူအညီကတော့ အလွန်ကို နည်းပါးနေပါတယ်။ ရာဇာမှာရှိတဲ့ ဟားမတ်စ်တွေကို ပစ်မှတ်ထားတိုက်ခိုက် ဖို့အတွက် ပြောင်းလဲဆောင်ရွက်ဖို့ကိုလည်း ဆွေးနွေးသွားမှာပါ။” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး သြစ တင်က ပြောပါတယ်။

 

“ဂါဇာဒေသက ဖွံ့ဖြိုးတိုးတက်မှုတွေအကြောင်း ဆွေးနွေးသွားမှာဖြစ်သလို ရည်မှန်းချက်ကို ပြည့်မြောက်အောင် အကောင်အထည်ဖော်သွားမှာလည်းဖြစ်ပါတယ်။ ဟားမတ်စ်အဖွဲ့ကို သုတ်သင်ရှင်းလင်းပြီး အစ္စရေးဓားစာခံ တွေကို ပြန်လည်ကယ်ထုတ်နိုင်အောင်ဆောင်ရွက်သွားမှာပါ။” လို့ ယူအက်ဂါလန့်က ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုမှာ အစ္စရေးဘက်က ၁၁၆၀ ဦး သေဆုံးခဲ့ပြီး အခု အချိန်အထိ အစ္စရေးဓားစာ ခံ ၁၃၀ ဝန်းကျင် ဂါဇာဒေသမှာ ထိန်းသိမ်းထားခံနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး ၃၂,၄၁၄ ဦး ထက် မနည်း သေဆုံးသွားပြီဖြစ်ကြောင်း ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ အစ္စရေးကို စစ်ရေးအရရော သံတမန်အရပါ ကူညီထောက်ပံ့နေပေမဲ့ ဂါဇာဒေသ မှာ အရပ်သားအသေအပျောက်များလာပြီး လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်ဖို့ ဆိုးရွားနေတာကို သဘောမကျကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

 

Ref: US Defense Chief to Israel Counterpart: Gaza Toll ‘Too High’

 

#PeopleMedia


Share this post